မြန်မာပြည်မှာ ဝင်မွှေနေတဲ့ တရားခံပြေး တရုတ် လောင်းကစားရာဇာ သူဌေးကြီး အကြောင်း

မြန်မာပြည်မှာ ဝင်မွှေနေတဲ့ တရားခံပြေး တရုတ် လောင်းကစားရာဇာ သူဌေးကြီး အကြောင်း

မြန်မာနိုင်ငံတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းကြီး၏ နောက်ကွယ်၌ လူမသိသူမသိ သိုသိုသိပ်သိပ်နေတတ်သူ တရုတ်သူဌေးကြီးတဦးရှိသည်။ သူ့တွင် ရှီကိုင်လွန်းဟူသော အမည်အပါအဝင် အနည်းဆုံးနာမည်လေးခုရှိသည်။ သူသည် တရုတ်ပြည်မကြီးမှ တရားခံပြေးတဦးဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံသားခံယူထားသူဖြစ်ကာ ဟောင်ကောင်တွင် မှတ်ပုံတင်ပြီး ဘန်ကောက်တွင် ရုံးချုပ်အခြေစိုက်သည့် Yatai International Holdings ၏ ဥက္ကဋ္ဌဖြစ်သည်။

ရှီကိုင်လွန်းဟူသောအမည်သည် လောင်းကစားလုပ်ငန်းနှင့်ဒွန်တွဲနေပြီး လောင်းကစားနှင့်ပင် ချမ်းသာကြွယ်ဝလာသူဖြစ်သည်။ သို့သော် ကုမ္ပဏီမှတ်တမ်းတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်နှင့် ပရဟိတ ဒါနရှင်ကြီးဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်မှလွဲ၍ သူ့အကြောင်း အလွယ်တကူသိရှိနိုင်မည့် သတင်းအချက်အလက် စိုးစဉ်းမျှမရှိ။

ထိုင်း-မြန်မာနယ်စပ် မြဝတီ ရွှေကုက္ကိုဒေသတွင် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ Yatai City အမည်ဖြင့် စင်ကာပူပုံစံ စီးပွားရေးလုပ်ငန်းများ၏ ဗဟိုချက်မြို့ကြီးတခုကို ဖော်ဆောင်မည့် အငြင်းပွားဖွယ်ရာ ရွှေကုက္ကိုအထူးစီးပွား ရေးဇုန်စီမံကိန်းကြီး၏ အဓိကဗိသုကာမှာ အသက် ၃၈ နှစ်အရွယ် ရှီကိုင်လွန်းဖြစ် ကြောင်း Caixin တရုတ်မီဒီယာက ဖော်ထုတ်ရေးသားထားသည်။ သူသည် Yatai International Holdings ၏ ဥက္ကဋ္ဌသာမက အရှေ့တောင်အာရှနိုင်ငံအချို့ရှိ တရုတ်ကုန်သည်ကြီးများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်း ဖြစ်သည်။ Caixin မီဒီယာ၏ ရှာဖွေဖော်ထုတ်ချက်အရ ရှီကိုင်လွန်းမှာ တရုတ်ပြည်မကြီးတွင် နောက်ကြောင်းမကင်းသူဖြစ်ကြောင်းနှင့် လောင်းကစားမှုမှ တရားခံပြေးတဦးဖြစ်ကြောင်း ပေါ်ထွက်လာသည်။

Yatai City သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အာရှတိုက်တခွင် ရေလမ်း၊ ကုန်းလမ်းများကိုဖြတ်၍ ဆက်သွယ်မည့် ၂၁ ရာစု ပိုးလမ်းမ(ခေါ်) ခါးပတ်လမ်း ကုန်သွယ်ရေးလမ်းကြောင်း One Belt One Raod စီမံကိန်းကြီး၏အစိတ်အပိုင်းတခုဖြစ်သည်ဟု ကုမ္ပဏီ၏စျေးကွက်ဖော်ဆောင်ရေးဖော်ပြချက်က ဆိုထားသည်။ အမှန်တကယ်တွင်မူ Yatai City သည် ရှီကျင့်ဖျင်၏ ခါးပတ်လမ်းစီမံကိန်းနှင့် လုံးဝမသက်ဆိုင်ကြောင်း၊ ၎င်းစီမံကိန်းတွင် တရုတ်အစိုးရ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငြင်းဆိုထားသည်။ တရုတ်အစိုးရအနေဖြင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမျှ ပြည်ပနိုင်ငံများတွင် လောင်းကစားလုပ်ငန်းဆိုင်ရာ စီမံကိန်းများအတွက် လုပ်ကိုင်ခွင့်မပေးထားကြောင်း တရုတ်သံရုံးက ပြောသည်။

ထို့ပြင် Yatai City ၏ တရားဝင်ဖြစ်မှုအပေါ် မီဒီယာများက မေးခွန်းထုတ်ရေးသားဖော်ပြခဲ့ပြီးနောက် မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံဖြတ်ကျော်လောင်းကစားလုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိသည်။

ရွှေကုက္ကိုစီမံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က Yatai International အတွက် ချပေးထားသည့် လုပ်ကိုင်ခွင့်မှာ ၂၅ ဒသမ ၅ ဧက ကျယ်ဝန်းသော အဆင့်မြင့်အိမ်ရာတခုသာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

Yatai City သည် အမှန်အားဖြင့် နိုင်ငံဖြတ်ကျော် လောင်းကစားလုပ်ငန်းများ အခြေစိုက်ရာနေရာဖြစ်ကြောင်း INGO အဖွဲ့အစည်းများက ပြောသည်။ ရွှေက္ကိုဒေသတဝိုက်ရှိ လောင်းကစားရုံများကြောင့် ငွေဖြူငွေမည်းခဝါချမှုအပါအဝင် ရာဇဝတ်မှုများ ဖြစ်ပေါ်လာမည့်အရေး ဒေသခံများအကြား စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ပြောသည်။

ရွှေကုက္ကို Yatai City ၏ ဗိသုကာရှီကိုင်လွန်းသည် တရုတ်ပြည်ပေါက်တဦးဖြစ်ပြီး တရုတ်ပြည်တောင်ပိုင်း ကုန်းတွင်းပိတ် ဟူနန်ပြည်နယ်ဇာတိဖြစ်သည်။ ၎င်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် မြန်မာပြည်သို့မဝင်ရောက်မီ အချိန်အထိ ရှီကိုင်လွန်းကို ပြည်ပရောက် တရုတ်အသိုင်းအဝိုင်းတွင် သိရှိသူနည်းပါးသေးသည်။ ထို့နောက် အထူးသဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းတွင် ခြေလှမ်းသွက်လာပြီး ပြည်ပရောက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့အချို့တွင် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရသည်အထိ လူသိ များလာသည်။

Yatai City အကြောင်း အတွင်းသိအချို့က Caixin မီဒီယာသို့ ပြောပြချက်အရ ယင်းစီမံကိန်းသည် စမတ် စက်မှုမြို့တော်အဖြစ် စျေးကွက်တင်နေသော်လည်း အမှန်တကယ်တွင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတွင် နှိမ်နင်းခံလိုက်ရသည့် ကာစီနိုလောင်းကစားရုံများ လာရောက်အခြေစိုက်မည့်နေရာဖြစ်သည်။ လက်ရှိ ရွှေကုက္ကိုတွင် တရုတ်ပြည်မှ ကစားသမားများအတွက် အဓိကဝန်ဆောင်မှုပေးနေသော အွန်လိုင်းလောင်း ကစားရုံများ လုပ်ကိုင်လည်ပတ်လျက်ရှိကြောင်း ၎င်းတို့က ပြောသည်။

Caixin မီဒီယာက ရှီကိုင်လွန်းအား အင်တာဗျူးတောင်းခံခဲ့သော်လည်း ၎င်းက ငြင်းဆိုခဲ့သည်။ ရှီကိုင်လွန်းသည် ထင်ပေါ်ကျော်ကြားလိုသူမဟုတ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။

Yatai City စီမံကိန်းတွင် ရုံးခန်းများ၊ လူနေအိမ်အဆောက်အဦများ ဆောက်လုပ်ရန်အတွက် ၂ဝ၁၉ ခုနှစ်မှစ၍ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်တဦး၏ ပြောဆိုချက်အရ ထိုနေရာတွင် အလုံးစုံသော လောင်းကစားလုပ်ငန်းများ လုပ်ကိုင်လည်ပတ်လျက်ရှိသည်ဟုဆိုသည်။ အွန်လိုင်းဂိမ်း ဝန်ဆောင်မှုပေးနေသည့် အွန်လိုင်းလောင်းကစားကုမ္ပဏီများလည်း ဖွင့်လှစ်ထားကြသည်ဟု ဆိုသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း Yatai City ကာစီနိုများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် တရုတ်စကားပြောဆိုနိုင်သော ဧည့်ဝန် ဆောင်မှုဝန်ထမ်းအများအပြားကို လစာကောင်းကောင်းပေး၍ ခေါ်ယူခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် Yatai City က ထုတ်ပြန်သည့်ကုမ္ပဏီများစာရင်းမှ အချို့သော ကုမ္ပဏီများမှာ ကမ္ဘောဒီးယားအခြေစိုက် လောင်းကစားကုမ္ပဏီနှင့် အမည်ချင်းတူနေသည်ကို တွေ့ရှိရသည်။

၂ဝ၁၉ ခုနှစ်တွင် ကမ္ဘောဒီးယား အစိုးရက အွန်လိုင်းလောင်းကစားလုပ်ငန်းကို မူဝါဒချ၍ တားမြစ်လိုက်သည့်အတွက် သီဟာနုဗီးမြို့ရှိ လောင်းကစားလုပ်ငန်း အများအပြား စွန့်ခွာသွားခဲ့ရပြီး နယ်မြေ သစ်ကိုရှာဖွေခဲ့ကြသည်။ ထိုလောင်းကစားလုပ်ငန်းအများစုမှာ တရုတ်လူမျိုးများက ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ထိုအချိန် ကာလသည် Yatai City စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် တွန်းတွန်းတိုက်တိုက် ဖိတ်ခေါ်သည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

Yatai City ၏ တည်နေရာသည် ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီယား နိုင်ငံသုံးခုအကြားတွင် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့်နေရာဖြစ်သည့်အပြင် တရုတ်နှင့် နယ်စပ်ချင်းထိစပ်မှုမရှိသည့်အတွက် စီးပွားရေးလုပ်ငန်းများအတွက် တရုတ်အစိုးရ၏စောင့်ကြပ်ကြည့်ရှုမှုမှ ကင်းလွတ်စေသည်။

မြန်မာနိုင်ငံမှ မှတ်တမ်းများအရ Yatai International သည် ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁ ဒသမ ၂၄ သန်းဖြင့် ၂ဝ၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်။ ရှယ်ယာပိုင်ဆိုင်မှုအများဆုံးသူမှာ ကမ္ဘောဒီးယားနိုင်ငံသား တရုတ်လူမျိုး ရှီဂျီဂျန်းဖြစ်သည်။ ကျန်ရှယ်ယာရှင်များမှာ မလေးရှားနိုင်ငံသား ၂ ဦးနှင့် ဦးစောမင်းမင်းဦး အမည်ရ မြန်မာနိုင်ငံသားတဦး ဖြစ်သည်။ ရှီဂျီဂျန်းသည် ရှီကိုင်လွန်း၏အမည်ကွဲတခုဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က Caixin မီဒီယာသို့ ပြောသည်။

Yatai City တွင် စင်ကာပူကုမ္ပဏီတခုက blockchain နည်းပညာဖြင့် အသုံးပြုသူများအကြား ငွေလွှဲခြင်း၊ ငွေလဲခြင်းများ အလွယ်တကူ ချိတ်ဆက်လုပ်ကိုင်နိုင်ရန် Fincy ဟုခေါ်သော ဝန်ဆောင်မှုပေးနေသည်ဟု ဆိုသည်။ Blockchain နည်းပညာကျွမ်းကျင်သူများ၏အဆိုအရ Fincy အသုံးပြုသူများအနေဖြင့် လောင်းကစားပလက်ဖောင်းများပေါ်သို့ ငွေလွှဲထည့်ရာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကြောင့် ငွေပွန်းခြင်းမှ ရှောင်လွှဲနိုင်သည့်လမ်းကြောင်း ဖြစ်သည်။

စင်ကာပူရှိ လုပ်ငန်းမှတ်ပုံတင်မှတ်တမ်းများအရ Fincy ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်သည့် BCB ကုမ္ပဏီ၏ လိပ်စာသည် ရှီကိုင်လွန်းပိုင်ဆိုင်သည့် ကုမ္ပဏီတခုနှင့် လိပ်စာအတူတူဖြစ်နေသည်ကို တွေ့ရသည်။

Yatai City စီမံကိန်း၏ အဓိက ဗိသုကာရှီကိုင်လွန်းတွင် ရှီဂျီဂျန်းဆိုသော အမည်အပြင် နောက်ထပ် တန်ကိုင်လွန်းနှင့် တန်ခရန်ကိုင်းဆိုသော အမည် ၂ ခု ရှိသေးသည်။

ရှီကိုင်လွန်းသည် ဟူနန်ပြည်နယ် ကျေးလက်ဒေသတွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ဂွမ်စီသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ အွန်လိုင်းဂိမ်းများကို ရေးဆွဲခဲ့ရာမှ ချမ်းသာကြွယ်ဝလာကြောင်း၊ ထို့နောက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့သွားရောက်၍ စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်ခဲ့ကြောင်း ပြည်ပရောက် တရုတ်လုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ဝေသည့် ၂ဝ၁၈ ခုနှစ်ထုတ် ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

တရုတ်ပြည် ရှန်ဒေါင်းပြည်နယ် တရားရုံးတခုက ၂ဝ၁၄ ခုနှစ်တွင် ရှီဂျီဂျန်းအမည်ဖြင့်လူတဦးကို တရားမဝင် ထီလုပ်ငန်းလုပ်ကိုင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုသူသည် ဖိလစ်ပိုင်မှနေ၍ တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထားကာ အွန်လိုင်းမှတဆင့် တရားမဝင်ထီလုပ်ငန်းလုပ်ကိုင်ခဲ့ကာ ယွမ်ငွေ ၂ ဒသမ ၂ ဘီလီယံ ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း တရားရုံးမှတ်တမ်းအရ သိရသည်။ အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူ ၈ ဦးကို ထောင်ဒဏ် ၁၅ လမှ ၂၄ လအထိ အသီးသီးချမှတ်ခဲ့သော်လည်း ရှီဂျီဂျန်းမှာကား တရားခံပြေးအဖြစ်သာ ဆက်ရှိနေခဲ့သည်။ တရားရုံးမှတ်တမ်းမှ ရှီဂျီဂျန်း၏ မွေးနေ့နှင့် ဓာတ်ပုံမှာ ရှီကိုင်လွန်းပင် ဖြစ်သည်။

၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေးသို့ ရှီကိုင်လွန်းလည်း တက်ရောက်ခဲ့ပြီး ထိုပွဲတွင် Yatai City စီမံကိန်းအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Caixin မှ သတင်းထောက်များက ပေကျင်းမြို့ရှိ Yatai International ကုမ္ပဏီရုံးခန်းသို့ ပြီးခဲ့သည့်လက သွားရောက်ခဲ့ရာ သော့ပိတ်ထားသည့် အခန်း လွတ်ကြီးကိုသာ တွေ့ရှိခဲ့ရသည်။ အငှားသက်တမ်းရှိနေသေးသော်လည်း လွန်ခဲ့သော ၃ ပတ်ခန့်ကတည်းက ရုံးခန်းပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရုံးခန်းရှိရာ အဆောက်အဦ၏ မန်နေဂျာက ပြောသည်။

မော်ရိုး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page