ပိုးတွေ့လူနာ ဆရာဝန်နဲ့ ထိတွေ့မှုရှိခဲ့တဲ့ လွိုင်ကော်က သားအမိ (၂) ဦးကို ဆေးရုံတွင် Q ထားရှိ

ပိုးတွေ့လူနာ ဆရာဝန်နဲ့ ထိတွေ့မှုရှိခဲ့တဲ့ လွိုင်ကော်က သားအမိ (၂) ဦးကို ဆေးရုံတွင် Q ထားရှိ

ကိုဗစ်-၁၉ လူနာနဲ့ထိတွေ့ခဲ့တဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က သားအမိနှစ်ဦးကို ဆေးရုံမှာ Q ထားရှိပြီး သူတို့ရဲ့နေအိမ်ကိုလည်း စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကစပြီး အသွားအလာကန့်သတ်ထားလိုက်ပါတယ်။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ ပြင်ဦးလွင်မြို့နယ်ကို သွားရောက်ခဲ့စဉ် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်တဲ့ ဆရာဝန်ထံမှာ သွားရောက်ဆေးကုသခဲ့ပြီး လွိုင်ကော်မြို့ကို စက်တင်ဘာ ၉ ရက်က ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးဌာနက အဆိုပါဆရာဝန်မှာ ရောဂါပိုးတွေ့ရှိကြောင်းကြေညာပြီး နောက်မှာတော့ ဆေးကုသမှုခံယူခဲ့တဲ့ အမျိုးသမီးနဲ့လိုက်ပါသွားတဲ့ သမီးဖြစ်သူတို့ကို ဆေးရုံမှာ Q ထားရှိလိုက်တာပါ။

သူတို့နဲ့ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အသွားအလာကန့်သတ်ပြီး အိမ်ကို လော့ဒေါင်း လုပ်ထားသလို သမီးဖြစ်သူ ကျန်းမာရေးဝန်ထမ်းနဲ့ ဆက်စပ်ခဲ့သူတွေရှိတဲ့အတွက် နမ့်​ဘော်ဝမ်(ခ)ရပ်ကွက်ရှိ လွိုင်​ကော်ခရိုင်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန ခရိုင်ရုံးနဲ့ ဝန်ထမ်းအိမ်ရာကိုလည်း မနေ့ညပိုင်းကစပြီး အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။

သူတို့ရဲ့ ဓာတ်ခွဲနမူနာမှာ ပိုးမတွေ့ရှိကြောင်း လွိုင်ကော်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ထားပြီး တောင်ကြီးမှာ ထပ်မံစစ်ဆေးထားတယ်လို့ သိရပါတယ်။ ကနေဦး စစ်ဆေးချက်အရ ပိုးမတွေ့ကြောင်း အဖြေထွက်ပေါ်ပေမယ့် ထပ်မံစစ်ဆေးဖို့ရှိ သေးတာကြောင့် အဆိုပါ အမျိုးသမီးနေအိမ်ကို သွားအလာကန့်သတ်ထားရှိဆဲဖြစ်ပါတယ်။

သူတို့ရဲ့ ဓာတ်ခွဲနမူနာအ​ဖြေတွေအပေါ် မူတည်ပြီးတော့ လိုအပ်သလို ဆက်လက် ဆောင်ရွက်မယ်လို့လည်း မြို့နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ပိုးမတွေ့ လူနာ ၂ ဦး၊ ဆေးစစ်ဆေးချက် စောင့်ဆဲ လူနာ ၄ ဦး စုစုပေါင်း ၆ ဦး ဆေးကုသမှုခံယူနေတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စက်တင်ဘာ ၁၇ ရက် မနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

ကယားပြည်နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၁ ဦးမှ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page