အချုပ်သား (၆) ယောက်တွင် ကိုဗစ် တွေ့ရှိသဖြင့် ပဲခူး အမှတ် (၂) ရဲစခန်းတခုလုံးကို လော့ဒေါင်းချ
အချုပ်သား (၆) ယောက်တွင် ကိုဗစ် တွေ့ရှိသဖြင့် ပဲခူး အမှတ် (၂) ရဲစခန်းတခုလုံးကို လော့ဒေါင်းချ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အမှတ် ၂ ရဲစခန်းမှာ တပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ ဇနီးအပါအဝင် အချုပ်သား ၆ ယောက်မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိတဲ့အတွက် ရဲစခန်း တစ်ခုလုံးကို လော့ဒေါင်း ချလိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့က ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက တပ်ဖွဲ့ဝင် တစ်ယောက်ရဲ့အမျိုးသမီး အနံ့မရတော့ဘူးဆိုတဲ့အတွက် လင်မယား နှစ်ယောက်စလုံးကို ပဲခူးဖျားနာကုဆေးခန်းမှာ သွားရောက်စစ်ဆေးတဲ့အခါ အမျိုးသမီးမှာ ပိုးတွေ့ရှိခဲ့တာပါ၊
အမျိုးသားဖြစ်သူက စခန်းမှာ ကင်းတာဝန်ယူရတဲ့သူဖြစ်လို့ အချုပ်သားတွေကိုပါ စစ်ဆေးတဲ့အခါ အချုပ်သား ၆ ယောက်မှာ ထပ်မံရောဂါပိုး တွေ့ရှိခဲ့ပြန်ပါတယ်။ အဲဒီအတွက် အမှတ်၂ ရဲစခန်း တစ်ခုလုံးကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းကစပြီး ၁၄ ရက် အသွားအလာ ကန့်သတ်ထားလိုက်တယ်လို့ ပဲခူးခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟ ကပြောပါတယ်။
လတ်တလောမှာတော့ အမှတ် ၂ ရဲစခန်းရဲ့ အလုပ်ကိစ္စတွေကို အမှတ် ၃ ရဲစစခန်းမှာ ဆောင်ရွက်နေပါတယ်။
အဲဒီ အချုပ်သားတွေကို ကလိဆေးရုံကို ပို့ဆောင်ကုသစေပြီး သူတို့က အချုပ်သားတွေ ဖြစ်တဲ့အတွက် တခြားလူနာတွေနဲ့ ရောမထားပဲ ထွက်ပြေးတာတွေ ဖြစ်မှာစိုးတဲ့အတွက် သီးသန့် အဆောင်မှာထားပြီး အပြင်မှာတော့ ရဲတပ်ဖွဲ့ဝင် ၉ ဦးက လုံခြုံရေး စောင့်ဆိုင်း ပေးထားတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်း အချုပ်သားတွေကို အချုပ်ခန်း ထဲမထည့်ခင်နဲ့ ထောင်ကိုပို့မယ်သူတွေ ဆိုရင်လည်း ထောင်အပြင်မှာ ကျန်းမာရေးဌာနကနေ ကိုဗစ် ရောဂါပိုးရှိမရှိ စစ်ဆေးပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။
ပဲခူးမြို့နယ်မှာတော့ နေ့စဉ်ပိုးတွေ့လူနာတွေ နေ့စဉ်တိုးနေပြီး ခုဆို ပဲခူးမြို့မှာ ကိုဗစ် အတည်ပြုလူနာပေါင်း ၁၆၀၀ နီးပါးရှိကာ အဲဒီထဲက ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နေ့စဉ်ပိုးတွေ့ရှိမှု မြင့်တက်နေတဲ့အတွက် ခုဆိုပဲခူးမြို့က ပိုးတွေ့ရှိမှုများတဲ့ လမ်း ၁၀ လမ်းကိုလည်း Semi Lockdown ချထားပါတယ်။