အခကြေးငွေယူပြီး ရန်ကုန်ကနေ ရှမ်းပြည်ထဲကို လူမှောင်ခိုပို့နေတဲ့ ကားကို ဖမ်းမိပြီ

အခကြေးငွေယူပြီး ရန်ကုန်ကနေ ရှမ်းပြည်ထဲကို လူတွေ မှောင်ခိုပို့နေတဲ့ ကားကို ဖမ်းမိပြီ

Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်မြို့ကနေ ရှမ်းပြည်နယ်ကို အခကြေးငွေနဲ့ တရားမဝင် လူပို့ဆောင်တဲ့ကားကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်ရှိ နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော် မောင်းနှင်သွားပြီးနောက် လိုက်လံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလောမြို့နယ် ကြက်ခြေနီ အသင်းထံမှ သိရပါတယ်။

ဖမ်းမိတဲ့ အသက် ၃၀ အရွယ်ရှိ ကားပိုင်ရှင် အမျိုးသားဟာ ကလောမြို့မှာ နေထိုင်သူ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှမ်းပြည်နယ် အတွင်းကို လာမယ့်သူတွေကို Online က တဆင့် ချိတ်ဆက်ကာ အခကြေးငွေနဲ့ တင်ဆောင် လာပြီးနောက် နမ့်ပန်တက် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှု မခံယူဘဲ ရွာသားအသွင်ယူ ဖြတ်လျှောက်ခိုင်းကာ စစ်ဆေးရေး ဂိတ်ကျော်မှ ပြန်လည် တင်ဆောင် မောင်းနှင်သွားတာ ဖြစ်ကြောင်း သိရပါတယ်။

“သူ့ကားက အာရာဖတ် ကားပါ။ သူက Online ပေါ်ကနေ ဘယ်လိုလုပ်လဲဆိုရင် လိုင်းပေါ်မှာ လက်မှတ်ရောင်းတဲ့ ဌာနတွေ Page တွေ ရှိတယ်လေ။ အဲ page ကနေ သူက Post တင်ပြီးတော့ ဘယ်နေ့မှာ ဒီရန်ကုန်၊ တောင်ကြီးကို ခရီးစဉ်ရှိတယ်။ လိုက်မယ့်သူ စာရင်းပေး ဆိုတော့ သူ့ကို လိုက်ချင်တဲ့လူတွေက Join တယ်။ Join ပြီးတော့ သူက ဂိတ်တွေရောက်ရင် ဘယ်လိုလုပ်လည်း ဆိုရင် သူလူပိုပါလာတဲ့ဟာ တွေတော့ ကျနော်တို့ဂိတ်မှာ ကောင်မလေးတွေကို အကုန်လုံး လမ်းဆင်းလျှောက်ခိုင်းတယ်။ လမ်းဆင်းလျှောက်ဆို မသိမသာပေါ့၊ ကျနော်တို့ကလည်း ဂိတ်မှာ အစီး ရာနဲ့ချီ ပိတ်မိနေတာကို ရှင်းနေတာ အဲလမ်းလျှောက်ဖြတ်တဲ့ လူတွေတော့ ရွာသားတွေ အများစုက လမ်းလျှောက်ဖြတ်တာကိုး၊ သူက ရွာသား အသွင်ယူပြီးတော့ လမ်းလျှောက် ဖြတ်ခိုင်းတယ်။ ဖြတ်ခိုင်းပြီးတော့ဟိုးအရှေ့မှာ စောင့်ခိုင်းထားတာ ဂိတ်နဲ့ အတော်အလှမ်းဝေးတဲ့ နေရာပေါ့။ အဲ့မှာ စောင့်ခိုင်းထားတာ၊ ပြီးမှ ပြန်ခေါ်သယ်သွားတာပါ” လို့ ကလောမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးလှဝင်း က ပြောပါတယ်။

အဲဒီလို ရန်ကုန်မြို့ကနေ လူသယ်ပြီး ကလော- နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း နေတာ ၃ ကြိမ်ရှိပြီ ဖြစ်ပြီး အခု တစ်ကြိမ်မှာတော့ ကြက်ခြေနီ တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးရာမှာ ယာဉ်မောင်း အမျိုးသားနဲ့ လိုက်ပါလာသူ အမျိုးသမီး ၅ ဦးကို ဖမ်းမိခဲ့ပြီး အဲဒီ အမျိုးသားကို ကလောမှာ Quarantine ထားရှိသလို အမျိုးသမီး ၅ ဦးကိုတော့ သက်ဆိုင်ရာ မြို့နယ် Quarantine Center တွေမှာ ထားရှိလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကလောမြို့နယ်ရှိ နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို မနက် ၆ နာရီကနေ ည ၁၀ နာရီအထိသာ ဖြတ်သန်းခွင့်ပြုတာ ဖြစ်ပေမယ့် လုံခြုံရေး တာဝန်ရှိသူတွေနဲ့ ရွာသားတွေ ပူးပေါင်းပြီး ညပိုင်းမှာ ကုန်တင်ယာဉ်တွေကို အခကြေးငွေရယူ ဖြတ်သန်းခွင့် ပြုနေတာတွေကို အရေးယူမယ်လို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်း သွားလာနိုင်တဲ့ ဆိုင်ကယ်လမ်းနဲ့ လူသွားလမ်းတွေ ရှိနေတာကြောင့် ကျန်းမာရေး ထောက်ခံချက် မပါသူတွေဟာ ဒေသခံတွေကို အခကြေးငွေနဲ့ လမ်းပြအဖြစ် ငှားရမ်း ဖြတ်ကျော် နေတာတွေလည်း ရှိနေတယ်လို့ အဆိုပါဂိတ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page