မြန်မာပိုင် ကမ္ဘာမြေစောင့်ကြည့်ရေးဂြိုဟ်တု လောကနတ်-၁ ကို ၂၀၂၁ ခုနှစ် ၂ လပိုင်းတွင် လွှတ်တင်မည်
မြန်မာပိုင် ကမ္ဘာမြေစောင့်ကြည့်ရေးဂြိုဟ်တု လောကနတ်-၁ ကို ၂၀၂၁ ခုနှစ် ၂ လပိုင်းတွင် လွှတ်တင်မည်
မြန်မာအမည် “လောကနတ်-၁”ဟုအမည်ပေးထားသည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံ အသေးစားဂြိုဟ်တု MMSATS-1ဂြိုဟ်တု ကို အောင်မြင်စွာတည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အာကာသအတွင်း လွှတ်တင်နိုင်ရန် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသအေဂျင်စီသို့ ယနေ့တွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။
အွန်လိုင်းစနစ်ဖြင့်ပြုလုပ်သော အဆိုပါအခမ်းအနားသို့ မြန်မာအစိုးရ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ဂျပန်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။ လောကနတ်၁ကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် (Hokkaido University) နှင့် တိုဟိုကိုတက္ကသိုလ် (Tohoko University) တို့မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယခုလွှဲပြောင်းပေးသည့် MMSATS-1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မတ်လတွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ထည့်သွင်း မည်ဖြစ်သည်။ ဒုတိယ အနိမ့်ပျံအသေးစားဂြိုဟ်တု (လောကနတ်-၂) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တုစီမံကိန်းသည် (၁-၉-၂၀၁၉) ရက်နေ့မှစတင်ပြီး (၃၁-၈-၂၀၂၄) ရက်နေ့ထိ (၅) နှစ်စီမံကိန်းဖြစ်သည်။ စီမံကိန်းတန်ဖိုးမှာ ဂျပန်ယန်း (သန်း ၁၆၈၀) ရှိပြီး၊ စီမံကိန်းတွင် (၅၀) ကီလိုဂရမ် အလေးချိန်ရှိ Micro-satellite ဂြိုဟ်တု (၂) လုံး၊ မြေပြင်အသေးစားဂြိုဟ်တုထိန်းချုပ်ရေးစခန်းနှင့် Micro-satellite ဂြိုဟ်တု တည်ဆောက်နိုင်မည့် ဂြိုဟ်တုလက်တွေ့တည်ဆောက်စမ်းသပ်ခန်းတို့အပြင် နည်းပညာလွှဲပြောင်းပေးရေးအစီအစဉ်အရ သင်တန်းသား (၁၄)ဦး၊ လုပ်ငန်းခွင်လက်တွေ့သင်တန်း အဖြစ် ဆရာ/ဆရာမ(၇)ဦးတို့အား လေ့ကျင့်ပေးမှုတို့ပါဝင်သည်ဟုသိရသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အွန်လိုင်း မှ အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ကိုဗစ် ကပ်ရောဂါကာလအတွင်း အခက်အခဲအမျိုးမျိုးကြားမှ တည်ဆောက်ပြီးစီးခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တင်ရန်စီစဉ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ချီးကျူးဂုဏ်ပြုခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင်လည်း မြေပြင်အသေးစားဂြိုဟ်တုထိန်းချုပ်ရေးစခန်း၊ အသေးစားဂြိုဟ်တုလက်တွေ့စမ်းသပ်ခန်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် အတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပထမအသုတ် ဆရာ၊ ဆရာမ (၇) ဦးနှင့် သင်တန်းသား (၇)ဦးအား ဂြိုဟ်တုတည်ဆောက်ခြင်း လက်တွေ့လုပ်ငန်းခွင်သင်တန်းနှင့် ဂြိုဟ်တုနည်းပညာနှင့် အာကာသနည်းပညာ အသုံးပြုမှုများဆိုင်ရာ အွန်လိုင်း သင်တန်းများပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊
ယခုတည်ဆောက်ပြီးစီးသော အနိမ့်ပျံအသေးစားဂြိုဟ်တုအနေဖြင့် မြန်မာနိုင်ငံ အတွက် စိုက်ပျိုးရေးဆိုင်ရာ၊ သစ်တောဆိုင်ရာ၊ မြို့ရွာစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေကြောင်းနှင့် သမုဒ္ဒရာပညာရပ်ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုရှာဖွေခြင်းဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာနှင့် သဘာဝဘေး စီမံခန့်ခွဲခြင်းဆိုင်ရာ စသည့်နယ်ပယ်များအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ အာကာသနည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက် ပိုမို ပူးပေါင်း ဆောင်ရွက်သွားရန် ဆက်လက်အားပေးသွားမည်ဖြစ် ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟုသိရသည်။