တခါက သီတင်းကျွတ်မှာ ဂင်းနစ်စံချိန်ချိုးခဲ့ဖူးတဲ့ အဘနဲ့ လက်ဆောင်ခြင်း သံသရာ

သီတင်းကျွတ်တော့မယ်

သီတင်းကျွတ် ဆိုတာ အရွယ်သုံးပါး လုံးအတွက်တော့ နဲနဲ ခိုးလို့ ခုလု ကာလ တခု ပဲ လို့ထင်တယ်ဗျ ။ ပထမ အရွယ်တုန်းကလည်း စာမေးပွဲ အပြီး ဘယ်သူက ဘယ်ခရီးထွက်မယ် ။ ဘယ်ပွဲ ကြည့်မယ် ။ဘယ်လ်ု တွေ ပျော် ကြမယ် ဆို ကိုယ့်မှာ ဝမ်းနည်းရတာ ပါ ပဲ ။ ကိုယ် က ဒါတွေ မလုပ်နိူင် ဘူးလေ ။ စာ စာ စာ နဲ့ ပုံစံ ခွက် ထဲ ရေခဲ အရိုက်ခံ ထားရ တဲ့ ငါး လို ဖြစ်ခဲ့ တာ ကိုး ။

အယ် ဒုတိယ အရွယ်ရောက်တော့ ပိုဆိုး ။ ဟဲ့ သီတင်းကျွတ် တော့မယ် ။ ဘယ်တော့ စားရမလဲဆိုတဲ့ စကား ကို ကြားတိုင်း ကြက်သီး ထသလိုလို ရင်ဖိုသလိုလို ဖို့သိုး ဖတ်တတ် ကြီး ပေါ့ ။ တတိယ အရွယ်ရောက်တော့ ပိုပိုဆိုး ။ မထင်မှတ် ထားတဲ့ သူတွေ က မုန့်ထုတ် လေး တွေ ကိုင် ရောက်လာရင် ကိုယ့်မှာ ရင်တွေ ခုန်ရ ပြီ။ ဦးဦး ကို လာကန်တော့ တာပါ ။ အချို့ ဆို ဘဘ တောင် ခေါ် လိုက်သေး ။ ကိုယ့်မှာ တော့ ခုံပေါ် မှာ ပဲ မိန့်မိန့်ကြီး ထိုင် အကန်တော့ ခံရ တော့ မလိုလို ။ ဟ ဟ ငါ့ အသက် အဲ့လောက် မကြီး သေးပါ ဘူး လို့ ပဲ ထ ဆဲရ တော့ မလိုလို ။

ကျနော့် ထက် ဆိုးတဲ့ သူတွေ ရှိသေးဗျား ။ သူတို့ ကတော့ အဘ ခေါ် ဘဘ တွေ ပါပဲ။ ဟိုတချိန် အဘ တွေ ခေတ်ကောင်း စဉ်တုန်း က မြင်ဘူး ပါ့ဗျာ ။ အိမ်ထဲ မှာ အိမ်ရှေ့မှာ ကားကြီး ကားငယ်အသွယ်သွယ် နဲ့ တန်းစီ နေကြတာ ။ ရ လိုက်တဲ့ ခြင်းတွေ ခြင်းတွေ ဆိုတာလဲ ဒိုင်နာ ကား နဲ့ တစီး တိုက်ထုတ်ရတယ် ။ ဘုန်းကြီး ကျောင်း ပြန်သွား ကန်တော့ တာမဟုတ်ပါဘူး ။ ဟို မြေနီကုန်း က နာမည်ကြီး ညီအမ ဆိုင် ကို ပြန်သွင်း ကြတာ ။

တကြိမ်တကြိမ် ဆို သိန်းရာချီ ရသတဲ့ ။ ဒါတောင် တန်ဖိုး သိပ်မကြီး တဲ့ မုန့်တွေ အရက်တွေ ပဲ ပြန်သွင်းတာ နော် ။ တန်ဖိုး ကြီး ဘာဘာညာညာ တွေ ကတော့ ထုတ် သိမ်း ထားပြီးသား။ အဲ့ဒီ ဆိုင်တွေ က ပြန်ဝယ် လိုက် ပြန် ရောင်း လိုက် ဟို အဘ အိမ် ဒီ ခြင်း တောင်း ကြီး ရောက်သွား လိုက် နောက် အဘ အိမ် ပြန် ရောက်သွား လိုက်နဲ့ တခေတ်တခါ က ခေတ်စား ခဲ့တဲ့ ကျွန်း သေတ္တာ ကြီး ခြာခြာလည် ရုပ်ရှင် ကား အတိုင်း ပါပဲ ။

တခါများ စပ်စုတတ်တဲ့ ကတော် ကြီး တစ်ယောက် က ခြင်း ကို အုပ်ထားတဲ့ ပလပ်စတစ် ကို အရာပေး ဖောက် ထား ပြီး ပြန်သွင်းတယ်တဲ့ ။ အဲ့ဒီ ခြင်း ကြီး တနှစ်ထဲ နဲ့ သုံးချီ သုံးလား သူ့ အိမ် ပြန်ပြန် ရောက် နေတာ ကတော် တွေ ကြား စံချိန် ချိုး သွား တယ်တဲ့ ဗျာ ။ ဂရင်းနစ် စံချိန်ချိုး သွားတဲ့ အဘပေါ့လေ ။

အခုတော့ ခေတ်ပြောင်း ပြီ ။ ခြင်းတွေ လည်း သိပ်ခေတ်မထတော့ဘူး ။ မြေနီကုန်း မမ တွေ လည်း စီးပွားရေး မကောင်းကြတော့ ဘူး ။ သွားကန်တော့ တဲ့ ခြင်းတွေ ကလည်း တန်ကြေး မမြင့် တော့ဘူး ။ ဒိတ် လွန် ဒိတ်အောက် မှိုတက် တွေ နဲ့ ဂျင်း ထဲ့ လာကြ ပြီ ။ အခု လူတွေ က အဘ တို့ လို ဓါးမထက် ကြောက်စရာ မလိုတော့ သွားကန်တော့ တဲ့ သူတွေ လည်း အာကလန် ပါကလန် ဝတ် ကြေ တမ်း ကြေ ဖြစ်ကုန် ကြ ပြီ ။

အဘ ဟောင်းကြီး တွေ ခမျာလည်း ငါ့ များ ဘယ်သူ လာကန်တော့ မလဲ လို့ လည်ပင်း တရှည်ရှည် သက်ပြင်းတချချ နဲ့ မြော်နေကြတာ ပေါ့လေ ။ သီတင်းကျွတ် ရာသီကုန် လို့ ဘယ်သူ မှ လာ မကန်တော့ တော့ မှ တောက်တခေါက် ခေါက် လက်သီး တဆုပ်ဆုပ် နဲ့ လုပ်ရက် ကြတယ် ကွာ လို့ စိတ်လျော့ ငေးမော ရင်း နောက် တနှစ် သီတင်း ကျွတ် ရောက် မှာ အတွေး နဲ့ စိုး ကြောက် နေကြ ပြီ ပေါ့လေ ။ အခု လူ တွေ နမူနာ ယူ သံဝေဂ ရ ကြ ပါစေ ။ စစ်မှန် သော သီတင်းကျွတ် နဲ့ လူကြီးသူမ ကို ကန်တော့နိူင်ကြ ပါစေ ပေါ့နော ။

ဒီနှစ် သီတင်းကျွတ် ကတော့ ရှင်းတယ် ။ ဘာ ပွဲဈေး မှ လည်း မရှိတော့ဘူး ။ ဘယ် ခရီးမှလည်း လည်လို့ မရတော့ဘူး။ အပျိုကြီး လူပျိုကြီး တွေ လည်း မျက်နှာ ပူစရာ မလိုတော့ဘူး ။ ဘယ်သူ မှ လာ မကန်တော့ လို့ ကျနော် လည်း ပိုက်ဆံ မကုန်တော့ဘူး ။ ဒါကိုမှ မကြောက် မရွံ့ မဲဆွယ် သလိုလို ထွက်ကဲ ကြမယ် ဆိုရင် တော့ ပါးစပ် ဖြဲ ဒုတ်ထိုး ပြီး ပိုးစစ် ခံရ ဖို့ များတယ် ။

zarni zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page