ယခုနှစ် လာနီညာ (အအေးလှိုင်း) အားကောင်းနိုင်သဖြင့် ပြင်းထန်ရာသီဥတုဖြစ်စဥ်များ ကြုံတွေ့မည်

ယခုနှစ် လာနီညာ (အအေးလှိုင်း) အားကောင်းနိုင်သဖြင့် ပြင်းထန်ရာသီဥတုဖြစ်စဥ်များ ကြုံတွေ့မည်

ယခုနှစ် လာနီညာဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပွားနိုင်ကာ၊ ညအပူချိန်လျော့ကျခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားနည်းသော လာနီညာ အခြေအနေသို့ ရောက်ရှိနေကြောင်း၊ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် နိုဝင်ဘာလ-ဒီဇင်ဘာလများတွင် အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထုတ်ပြန်မည် ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့များသည် ပင်လယ်ရေအပူချိန် မြင့်တက်နေကြောင်း၊ ပစိဖိတ်အလယ်ပိုင်းတွင် လာနီညာဖြစ်ရန်အတွက် အေးနေကြောင်း၊ ပစိဖိတ်သမုဒ္ဒရာတွင် အေးပါက အာရှတိုက်တွင် ပူနွေးရကြောင်း၊ ပူနေသည့်အတွက် မုန်တိုင်းများ တစ်လုံးပြီး တစ်လုံးဖြစ်ရန် အခြေအနေပေးနေကြောင်း ဦးချစ်ကျော်က ပြောကြားပါတယ်။

“အဲဒီလို အေးနေတဲ့အတွက်ကြောင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ အာရှတိုက်အနီး ဝန်းကျင်မှာရှိတဲ့ တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ ဘင်္ဂလားပင်လယ်အော် နေရာတွေမှာ မုန်တိုင်းဖြစ်ဖို့ အခြေအနေက ပေးတယ်လို့ သီအိုရီအားဖြင့် ထောက်ပြ ပြောဆိုနိုင်တယ်။ အဲဒါကြောင့် အခုနှစ်သည် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွေမှာ ခုနပြောခဲ့တဲ့ နေရာ သုံးခုလုံးမှာ မုန်တိုင်းဖြစ်ဖို့ အခွင့်အလမ်းများနေတယ်။ ဒီလိုများတဲ့အခါ မုန်တိုင်းဖြစ်တဲ့အခါ အင်အားကောင်းမလား၊ အင်အားနည်းနည်းနဲ့ ပြီးသွားမလား ဆိုတဲ့ဟာသည် အဲဒီမုန်တိုင်းဖြစ်တဲ့အချိန်မှာ ပင်လယ်ပြင်ပေါ်မှာရှိတဲ့ ရေငွေ့ရဲ့ ပမာဏပေါ်မှာ မူတည်တယ်” ဟု ဦးချစ်ကျော်က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page