လပွတ္တာမြို့နယ်တွင် ရွေးကောက်ပွဲအနိုင်ရ အမတ်အားလုံး ကိုဗစ်ကူးစက်ခံရ

လပွတ္တာမြို့နယ်တွင် ရွေးကောက်ပွဲအနိုင်ရ အမတ်အားလုံး ကိုဗစ်ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးအပါအဝင် ပါတီဝင် ၁၉ ဦးမှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း သိရပါတယ်။

လပွတ္တာမြို့နယ် အန်အယ်လ်ဒီ ပါတီရုံးမှ ကွန်ပျူတာစာရေးတစ်ဦးမှာ အနံ့မရသဖြင့် ဒီဇင်ဘာလဆန်းပိုင်းက လပွတ္တာဆေးရုံမှာ စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် ဒီဇင်ဘာလ ၅ ရက်နေ့မှာ အဆိုပါ လူငယ်နဲ့ ထိစပ်မှုရှိခဲ့တဲ့ အန်အယ်လ်ဒီ ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနဲ့ ပါတီဝင်များကို လပွတ္တာ မြို့နယ်၊ ကျန်းမာရေးဌာနက စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်စစ်ဆေးမှုမှာ အန်အယ်လ်ဒီ ပါတီ၏ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြစ်တဲ့ လပွတ္တာ မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး၊ အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်ဝင်း၊ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ ကိုယ်စားလှယ် ဦးချမ်းငြိမ်းကျော်အပါအဝင် ပါတီဝင် ၁၆ ဦးမှာ ကိုဗစ်ရောဂါပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ဒီဇင်ဘာ ၅ ရက် စစ်ဆေးမှုမှာ လပွတ္တာမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အနိုင်ရထားတဲ့ လက်ရှိစည်ပင်ဝန်ကြီး ဦးကျော်မြင့်ထံမှာ ကိုဗစ်ပိုး မတွေ့ခဲ့ရပေမယ့် ဒုတိယအကြိမ်မြောက် ထပ်မံစစ်ဆေးရာမှာတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် လပွတ္တာမြို့နယ်က အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၄ ဦးစလုံး ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

“လပွတ္တာမှာတော့ ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီးမှာ ကိုဗစ်ပိုးတွေ့ပြီးနောက်ပိုင်း သူကတဆင့် စပြန့်ရာကနေ လူနာအရေအတွက်တွေ တက်လာတာပေါ့။ ပါတီဘက်ခြမ်းကျတော့ ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးစလုံးရယ် တခြားသောပါတီဝင် ၁၅ ဦးရယ် စုစုပေါင်း ၁၉ ဦး ကိုဗစ် ကူးစက်ခံထားရတယ်”လို့ လပွတ္တာမြို့၊ အဖြူရောင်ဧရာဝတီအဖွဲ့ ဦးဆောင်သူ ကိုခင်မောင်ဝင်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက်အထိစာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၅၀ ဦး ဆေးကုသမှု ခံယူနေပြီး ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့အတွက် ကွာရန်တင်းဝင်ရောက်နေသူ ၉၄ ဦးရှိနေကြောင်း အဖြူရောင်ဧရာဝတီ လူမှုကူညီရေးအဖွဲ့ထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page