တရုတ်အာကာသယာဥ် လပေါ်အောင်မြင်စွာဆင်းသက်၊ ကမ္ဘာကို လကျောက်ခဲများ ပြန်သယ်လာမည်

တရုတ်အာကာသယာဥ် လပေါ်အောင်မြင်စွာ ဆင်းသက်၊ ကမ္ဘာကို လကျောက်ခဲများ ပြန်သယ်လာမည်

တရုတ်နိုင်ငံရဲ့ လ စူးစမ်း အာကာသယာဉ်ဟာ လပေါ်ကို ဆင်းသက်နိုင်ခဲ့ပြီးနောက် ကမ္ဘာမြေသို့ လကျောက်ခဲတွေ ပြန်သယ်ဖို့အတွက် ပထမဆုံး နမူနာတွေ စုဆောင်းမှုလုပ်နေပြီ ဖြစ်ကြောင်း အစိုးရက ကြေညာပါတယ်။ ဒါဟာ ပေကျင်းရဲ့ တိုးမြင့်လာတဲ့ အာကာသအစီအစဉ် ရည်မှန်းချက်များအတွက် အောင်မြင်မှုများထဲက နောက်တစ်ခု ဖြစ်လာပါတယ်။

Chang’e 5 အာကာသယာဉ်ဟာ ပတ်လမ်းကြောင်းတစ်ခုကနေ ဆင်းသက်လာပြီးနောက် အင်္ဂါနေ့ ည ၁၁ နာရီထိုးပြီးချိန်လောက်မှာ လ မျက်နှာပြင်ပေါ် ကျရောက်ခဲ့တယ်လို့ တရုတ် အမျိုးသား အာကာသအေဂျင်စီက ပြောဆိုပါတယ်။ အေဂျင်စီက လဆင်းယာဉ်ရဲ့ အရိပ်ထင်ဟပ်နေသော အာကာသယာဉ်ဆင်းသက်ခဲ့ရာ ကျတ်တီးမြေတစ်ခုရဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။

Chang’e ဟာ လ နမူနာခဲတွေကို စုဆောင်းခဲ့ပြီဖြစ်ကြောင်း အေဂျင်စီရဲ့ ထုတ်ပြန်ချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အာကာယာဉ်ဟာ ယာဉ်အတွက် လိုအပ်တဲ့ စွမ်းအင်ဖြည့်မယ့် ဆိုလာရွက်တွေကို အောင်မြင်စွာ ဖြန့်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အစီအစဉ်များအရ လဆင်းယာဉ်ဟာ လမျက်နှာပြင်ပေါ် နှစ်ရက်ကြာရှိနေကာ မျက်နှာပြင်ကို တူးပြီး ကျောက်နဲ့ အပိုင်းအစ ၂ ကီလိုဂရမ် စုဆောင်းမှာဖြစ်ပါတယ်။ အာကာသယာဉ်ရဲ့ ထိပ်ဆုံး အဆင့်အနေနဲ့ လပတ်လမ်းကြောင်းအတွင်း ပြန်ထွက်လာမှာဖြစ်ကာ နမူနာခဲတွေ သယ်ဆောင်ထားတဲ့ capsule တစ်ခုကို ကမ္ဘာမြေသို့ ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ ယင်း capsule ဟာ ဒီဇင်ဘာလလယ်လောက်မှာ တရုတ်မြောက်ပိုင်းရှိ မြက်ခင်းမြေတစ်ခုသို့ ကျရောက်ဖြစ်မှာဖြစ်တယ်လို့ဆိုပါတယ်။

အစီအစဉ်တွေ အောင်မြင်ခဲ့ရင် ၁၉၇၀ ခုနှစ်များက လွှတ်တင်ခဲ့တဲ့ ဆိုဗီယက် အာကာသယာဉ် မစ်ရှင် နောက်ပိုင်း သိပ္ပံပညာရှင်တွေဟာ လကျောက် နမူနာအသစ်တွေကို ပထမဆုံးအကြိမ် ရရှိကြမှာဖြစ်ပါတယ်။ ယင်း နမူနာခဲတွေကို အခြားနိုင်ငံများမှ သိပ္ပံပညာရှင်တွေလည်း ရရှိလေ့လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သို့ပေမယ့် အမေရိကန်အစိုးရက တရုတ်နဲ့ အာကာသရေးရာမှာ ပူးပေါင်းဆောင်ရွက်မှု တင်းကြပ်စွာ ကန့်သတ်ထားတာကြောင့် နာဆာကတော့ နမူနာခဲ ဘယ်လောက်များများ ရနိုင်သလဲဆိုတာ သဲကွဲစွာ မသိရပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page