ပါရှန်း ပင်လယ်ကွေ့တွင် အီရန် ကြည်းရေလေတပ်ဖွဲ့များ စစ်ရေးလေ့ကျင့်

ပြည်ပကျူးကျော်သူများကို တွန်းလှန်ရန် အီရန် ကြည်းရေလေတပ်ဖွဲ့များ စစ်ရေးလေ့ကျင့်

အီရန်စစ်ဘက်ဟာ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအနီး ပင်လယ်ကွေ့မှာ နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။

Zolfaghar-99 ဆိုတဲ့ သုံးရက်တာ စစ်ရေးလေ့ကျင့်မှုကို အိုမန်ပင်လယ်ကွေ့ အရှေ့ခြမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ပခြိမ်းခြောက်မှုနဲ့ ဖြစ်နိုင်ခြေ မည်သည့်ကျူးကျော်မှုကိုမဆို တွန်းလှန်ဖို့ စစ်ရေးစွမ်းရည်တိုးတက်ရေး ရည်ရွယ်တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
ရေငုပ်သင်္ဘောနဲ့ ဒရုန်းတွေအပါအဝင် ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေ လေ့ကျင့်ခဲ့ကြပြီး စစ်ရေးလေ့ကျင့်မယ်လို့ အီရန်က သတိပေးတဲ့နောက် လေ့ကျင့်မှုဧရိယာကနေ အမေရိကန်က သူ့ရဲ့ ဒရုန်းတွေရုပ်သိမ်းသွားတယ်လို့ အီရန်စစ်ရေးလေ့ကျင့်ပွဲ ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ် ရှာဟရမ် အီရာနီက ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်ပုံမှန်စစ်ရေးလေ့ကျင့်နေကြ ပင်လယ်ကွေ့မှာ အမေရိကန်နဲ့ အနောက်တိုင်းရေတပ်တွေ ရောက်ရှိမှာကို အီရန်က မလိုလားပါဘူး။ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်သမျှ ရေနံစိမ်း ရာခိုင်နှုန်း ၃၀ လောက်ဟာ ဟောမုဇ်ရေလက်ကြားကနေ ဖြတ်သန်းရတာပါ။

၂၀၁၅ က အီရန်နဲ့ နိုင်ငံကြီးတွေအကြား သဘောတူထားတဲ့ နျူကလီးယားအရေး သဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်ခဲ့တဲ့ ၂၀၁၈ ကစပြီး အီရန်နဲ့ အမေရိကန်အကြား တင်းမာမှု မြင့်တက်ခဲ့ပါတယ်။ အီရန်အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ပြဌာန်းခဲ့ပြီး ရေနံစိမ်းတင်ပို့မှု လုံးဝပိတ်ဆို့ခံရရင် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page