သဲအင်းဆရာတော်ဘုရားကြီး၏ နောက်ဆုံးအချိန် ခန္ဓာဝန်မချခင် အဖြစ်အပျက်များ

သဲအင်းဆရာတော်ဘုရားကြီး၏ နောက်ဆုံးအချိန် ခန္ဓာဝန်မချခင် အဖြစ်အပျက်များ (ကြည်ညိုဖွယ်ရာ ဗဟုသုတပါ)

လွန်ခဲ့သော နှစ်ပေါင်း (၄၀) ကျော်နှစ်များ၌ ရန်ကုန်မြို့တွင် ကိုယ်ပိုင်ကားကို သူဌေးများသာစီးနိုင်ခဲ့ကြပါသည်။

ထိုခေတ်ကာလတွင် နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီးမှာ ဦးအေးကြူဖြစ်ပေသည်။ သူဌေးများသာစီးနိုင်သော အော်စတင် (AYO) ကားသစ်ကိုစီးနေသူဖြစ်သည်။

ထိုအချိန် သဲအင်းဆရာတော်ကြီးအတွက် ကိုယ်ပိုင်ကား အလှူရှင် မရှိခဲ့သေးပါ။ ဆရာတော်ကြီးအတွက် သူ၏ကားဖြင့် အပို့အကြိုအမြဲအလှူလုပ်ခဲ့ရပေသည်။ မကြာခဏ နယ်တရားပွဲများသို့လည်း လိုက်ပါလေ့ရှိခဲ့ပါသည်။

ဆရာတော်ကြီးသည် တရားပွဲများ၊ တရားမေးသူများ၊ အလှူရှင်ပေါင်းများစွာဖြင့် အားလပ်ချိန်မရှိအောင် ပင်ပန်းလှပေသည်။ အိပ်ချိန်ဟူ၍လည်း သိပ်မရှိ။ ထို့ကြောင့် အနီးကပ်အမြဲရှိသူ ယောဂီဦးအေးကြူမှ အမှတ်တမဲ့ လျှောက်ထားမိလိုက်တော့ပေသည်။

ဦးအေးကြူ ။ ။ ဆရာတော်ကြီးကိုတပည့်တော်တို့က အရမ်းကြည်ညိုကြပါတယ်၊ နေ့ရောညပါ မနားမနေသာသနာပြုနေရတာမြင်ရတော့ အရမ်းဘဲပိုပြီး ကြည်ညိုရပြန်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးကျန်းမာ၊ အသက် ရှည်ဘို့လည်း အရေးကြီးလှပါတယ်။ အသက် (၆၀)လောက်ရောက်ရင် အနားယူပါတော့အရှင်ဘုရား။

ထိုအချိန်တွင် ဆရာတော်ကြီး၏ သက်တော်သည် (၅၇) နှစ်ရှိနေပြီဖြစ်ပါသည်။ အမှတ် တမဲ့စိုးရိမ်လွန်းစွာလျှောက်ထားသောစကားကို ကြားလိုက်ရသော သဲအင်းဆရာတော်ကြီးသည် ဆပ်ကနဲရပ်လိုက်တော့သည်။ ပြီးနောက် ရုတ်တရက် စကားတစ်ခွန်းကို ပညတ်လိုက်တော့သည်။

သဲအင်း ။ ။ အေး။ အသက် (၆၀) ဆိုရင် အနားယူတော့မည်။ တရားမဟောတော့ဘူး။ ထိုစကားကိုကြားလိုက်ရသေ ာဦးအေးကြူသည် အရမ်းစိတ်မကောင်းဖြစ်သွားပြီးဆရာတော်ကြီးကို ပြန်၍လျှောက်တင်ရတော့သည်။

ဦးအေးကြူ ။ ။ ဆရာတော် ပင်ပန်းလွန်းလို့ မကြည့်ရက်နိုင်လို့ပါ။ ဒီစကားကို ရုတ်တရက်လျှောက်တင်မိလိုက်တာပါ တပည့်တော်မှားခဲ့ရင် ရှိခိုးတောင်းပန်ပါတယ်အရှင်ဘုရား။

ဆရာတော်ကြီးအသက် (၆၀) ပြည့်ခဲ့ပါပြီ။ ဦးအေးကြူသည်လည်းမေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ပြီး ဖြစ်ပေသည်။ မယ်တော်ကြီး ခန္ဓာ၀န်ချကာနီးအချိန်တွင် သဲအင်းဆရာတော်ကြီးသည် သုဿန်ဆရာတော်ကြီး၏ဒေသ တရားပွဲအပြီး၌ ချက်ခြင်းအမီပြန်လာခဲ့တော့သည်။ မယ်တော်ကြီးကို တရားမေးတော့သည်။

သဲအင်း ။ ။ မယ်တော်ကြီးအသိရှိသလား။ အသိလွတ်နေသလား။ နောက်ဆုံးအချိန်ရောက်ပြီ။

မယ်တော်ကြီး ။ ။ ခန္ဓာကိုယ်မှာဘဲ အသိကပ်ထားပါတယ်။ ဝေဒနာအပေါ်ခံစားမှုဘဲရှိနေပါတော့တယ်။ လွတ်မြောက်နေပါပြီ။

သဲအင်း ။ ။ ဝေဒနာတလုံးထဲသိ။ ရုပ်ဖောက်ပြန်တဲ့အပေါ် နာမ်ခံစားမှုတစ်ခုဘဲသိ။ မကြာမီနာရီအတွင်း မယ်တော်ကြီး ခန္ဓာချုပ်သွားတော့ပေသည်။ အပယ်လေးဘုံမှလွတ်မြောက်ခဲ့ပါပြီ။ မယ်တော်ကြီး ခန္ဓာ၀န်ချပြီးမကြာမီအချိန် အဓိဋ္ဌာန်ပွဲကြီးရှိလေတော့သည်။

သင်္ကြန်အဓိဋ္ဌာန်ပွဲကြီးတွင် ယောဂီများစွာ၏ရှေ့တွင် မာရ်နတ်ကြီး၏အသက်အလှူခံခြင်းကို ခွင့်ပြုလိုက်တော့သည်။ သင်္

ကြန်အပြီး နောက်ဆုံး ရန်ကင်းတရားပွဲတွင် သဲအင်းက ပညတ်တော့သည်။

သဲအင်း ။ ။ ဦးပဇင်းက နောက်ဆုံးတရားဟောတာဘဲ။ ယောဂီတို့ ကြုံတုန်း ကြုံခိုက် လိုက်ကြ။

သင်္ကြန်ကျော်သည်နှင့် ဆရာတော်ကြီးသည် ရုတ်တရက် ကျန်းမာရေး ဖောက်ပြန်လာတော့သည်။ ဆရာတော်ကြီးကို ဆေးကုပေးသော ဆရာ၀န်မှာ ဒေါက်တာဦးလှအောင် ဖြစ်သည်။ ဆရာတော်ကြီးကို နှစ်ပေါင်းများစွာ ကုသပေးခဲ့သူ ယောဂီကြီးဖြစ်ပေသည်။

သဲအင်းဂူတွင် ဇရပ်တလုံးဆောက်ပြီး တရားကျင့်နေသူလည်းဖြစ်၏။ သူပေးသောဆေးနှင့်သာ ဆရာတော်အမြဲကျန်းမာလာခဲ့ရပေသည်။ ဆရာ၀န်သည် ဆေးရုံကြီးပို့ရန် အကြံပေးတော့သည်။ကျန်းမာရေးချူချာနေစဉ် ဆရာတော်က ညီအငယ်ဖြစ်သူ ကိုချစ်ဖူး (တိုင်းရင်းဆေးဆရာ)ကို မိန့်မှာတော့သည်။

သဲအင်း ။ ။ မင်းကငါ့ရဲ့ ရောဂါကိုပျောက်အာင်ကုကွာ၊ ငါက မင်းကိုကားတစီး၀ယ် ပေးမယ်။

ဆရာတော်သည် ခန္ဓာချုပ်တော့မှန်းသိနေသော်လည်း ညီငယ်ဖြစ်သူကုသိုလ်ရစေရန် ပေးသမျှဆေးအားလုံးကို ဝါးစားတော့သည်။ ရောဂါသည် ပို၍ဆိုးလာတော့သည်။ ဆရာတော်ကို ရန်ကုန်ရှိ ဒေါက်တာကေကြည်မောင် အိမ်တွင် ခေတ္တအနားယူစေတော့သည်။

အနားယူပြီးရန်ုကုန်ဆေးရုံကြီးသို့ ပို့ရန်လုပ်စဉ် ဆရာတော်ကိုပို့မည့်ကားသည် အနောက်ဘက်သို့ လိမ့်ဆင်းသွားလေတော့သည်။ အိမ်၏လက်ရမ်းကို၀င်တိုက်ပြီး အုတ်နံရံပါပြိုလေတော့သည်။ နိမိတ်ဆိုးစတင်ပြတော့သည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆရာတော်သည် လွန်စွာမောနေပေတော့သည်။ နှလုံးခွဲစိတ်ကုသရန်ပြင်ဆင်တော့သည်။ နံရိုးများချိုးရန် မေ့ဆေးထိုးပေးရလေသည်။ ဆရာတော်သည် မေ့ခြင်းမရှိ။ အားလုံးသိနေသည်။ သမာဓိ၀င်စားနေပေတော့သည်။

ဆရာ၀န်က အိပ်ဆေးအပြင်းထိုးသော်လည်း မအိပ် သဖြင့် နားမလည်နိုင်တော့ပေ။ ထိုအခါ အနားတွင် ရှိနေသောသံဃာတပါးမှ ဆရာတော်ကိုလျှောက် တင်ရတော့သည်။

သံဃာ ။ ။ သမာဓိကိုလျှော့လိုက်ပါ ဆရာတော်။ သမာဓိတင်တားရင် မေ့ဆေးက အလကားဖြစ်နေပါတယ်။ မေ့သွားမှ ခွဲစိတ်၍ရမှာပါ အရှင်ဘုရား။

သဲအင်း ။ ။ မေ့ဆေးလည်းမထိုးနဲ့၊ ခွဲလည်းမခွဲနဲ့၊ ဦးပဇင်းကခွဲဆိုမှခွဲ။

ဆီးမှန်ရန်၀မ်းဗိုက်မှ ဖောက်ထားသော ပြွန်တစ်ချောင်း။ လက်ကောက်၀တ်တွင် ဂလူးကိုးစ် အရည်သွင်းရန် အပ်စိုက်ထားခြင်း။ တတောင်ဆစ်အထက်တွင် နှလုံးအတွက် ဆေးသွင်းရန်အပ်တစ်ချောင်းစိုက်ထားခြင်း။ နှာခေါင်းပေါက်မှ အစာသွင်းရန် ပိုက်တစ်ချောင်း။ ခွဲစိတ်ထားသောနံရိုးကြားမှ အရည်ထွက်ရန်ပိုက်တချောင်း။ နှာခေါင်းတဖက်တွင် အောက်စီဂျင်သွင်းရန် ပိုက်တစ်ချောင်းဖြင့် ရုပ်သေးရုပ်ကို ကြိုးများဖြင့် ဆိုင်းထားသကဲ့သို့ ရှိနေသည်။ နံရိုးများလည်း အချိုးခံထားရလေသည်။

နှလုံးအိမ်ပတ်လည်ကိုခွဲစိတ်ရာတွင် သွေးများစွာ ထွက်နေတော့သည်။ ထို့ကြောင့် သွေးသွင်းရန် စီမံကြရတော့ပြန်သည်။ သွေးအမျိုးအစား တူသော မြေးဖြစ်သူမောင်ကြည်အေး၏သွေးဖြင့် အစားထည့်ရတော့သည်။

ထိုအခါတွင် ထူးဆန်းမှုများ ကြုံရတော့သည်။ သွင်းလိုက်သောသွေးများအားလုံးသည် ဆီးပိုက်မှ အောက်သို့ ချက်ခြင်းကျဆင်းနေပေတော့သည်။ ခန္ဓာကိုယ်အတွင်းသို့ ဝင်ခွင့်မရ။ ထို့ကြောင့် အနီးရှိသံဃာတပါးက ရုတ်တရက်ပြောမိလေတော့သည်။

သံဃာ ။ ။ သွင်းလိုက်တဲ့သွေးတွေအားလုံး ဆီးပိုက်က ပြန်ဆင်းနေတယ်။ တခုခုတော့မှားနေပြီ။

ထိုအချိန်တွင် ဆရာတော်သည် မျက်လုံးကိုပွင့်သည်လည်းမဟုတ်၊ ပိတ်သည်လည်း မဟုတ်၊ သမာဓိအရှု စျာန်၀င်စားနေသည်။ ချက်ခြင်းပင် ဆရာတော်၏ မိန့်ကြားသံကိုအားလုံးက ကြားလိုက်ရတော့သည်။

သဲအင်း ။ ။ အရိယာတို့ရဲ့ သွေးနဲ့ ပုထုဇဉ်ရဲ့ သွေးကဘယ်တော့မှမရောဘူး။ ရောလို့မရဘူး။

သွေးသွင်းနေသော ဆရာ၀န်ကြီးများသည် တခါဖူးမျှ မကြုံဖူးခဲ့သော သွေးသွင်း၍ မရသဖြင့် လွန်စွာအံ့သြနေကြပေသည်။ အမှားကိုရှာကြသော်လည်းမတွေ့။ ထို့ကြောင့်သွေးသွင်းခြင်းကိုရပ်လိုက်ရတော့သည်။ ဆရာတော်ကြီး၏ အာနာပါနာအရှုကိုမူ ဘေးမှ တိုးညှင်းစွာ၊ ကြည်ညိုဘွယ်ကြားနေရပေသည်။

ထိုအချိန်တွင် ဦးအေးကြူနှင့် ဦးဘိုသည် ဆရာတော်၏ အနီးသို့ ရောက်လာပြီး အမှတ်မထင် တိုးတိုးလေးပြောကြတော့သည်။

ဦးဘို ။ ။ ဆရာတော်ကြီးရဲ့ တကိုယ်လုံးမှာအပ်တွေလည်းစိုက်ထားတယ်။ ပိုက်တွေ ကလည်းတပ်ထားတယ်။ ကြည့်ရက်မြင်ရက်စရာတောင်မရှိပါဘူး။ ခရစ်ယန်လက်ဝါးကပ်တိုင်မှာ အပြစ်ပေးခံနေရသလိုပါဘဲ။

ဆရာတော်ကြီးအိပ်ပျော်နေသည်ဟုထင်ပြီး တီးတိုးပြောသံကိုဆရာတော်က ကြားလေသည်။

သဲအင်း ။ ။ အတိတ်ဘ၀တုံးက ဦးပဇင်းက ရာဇ၀တ်သားတွေကို ကားစင်တင်ပြီး သတ်ခဲ့တယ်။ အခုလည်းတပုံစံတည်း ဦးပဇင်းက ၀ဋ်ကြွေး ပြန်ဆပ်နေရတာ။

ဦးအေးကြူသည် ဆရာတော်၏အသံကို ကြားရသောအခါ ၀မ်းသာစွာဖြင့် လျှောက်တင်လေတော့သည်။

ဦးအေးကြူ ။ ။ အာယုသင်္ခါရ မလွှတ်ပါနဲ့ အရှင်ဘုရား။

သဲအင်း ။ ။ အသက် (၆၀) ပြည့်ရင် တရားမဟောပါနဲ့တော့၊ အရမ်းပင်ပန်းတာမကြည့်ရက်ဘူးလို့ ဒကာကြီးလျှောက်တင်ခဲ့တယ်။ ဦးပဇင်းက ခေါင်းညိတ်ခဲ့တယ်။

ဦးအေးကြူသည် ချက်ခြင်းသဘောပေါက်သွားတော့၏။ ပုထုဇဉ်ကျင့်ဆဲပုဂ္ဂိုလ်တစ်ဦး၏ အမှတ်မထင်ပြောစကားသည် အရိယာကြီးတပါးအတွက်လည်းကောင်း၊၊ သာသနာအတွက်လည်းကောင်း၊ လွန်စွာ ကြေကွဲစရာဖြစ်ခဲ့ရတော့သည်။

ဦးအေးကြူသည် စိတ်မထိန်းနိုင်တော့ဘဲ ရှိုက်ခါ ရှိုက်ခါ ငိုကြွေးနေတော့သည်။ ဆရာတော်သည် အနီးရှိသံဃာများကို နောက်ဆုံးအကြိမ် တရားပြတော့သည်။

သဲအင်း ။ ။ ခန္ဓာပျက်ဘို့ကိစ္စဟာလွယ်သလား၊ ကေသရ။ ဦးကေသရသည် ညိုးငယ်သောအသံဖြင့် မချိတင်ဘဲ ပြန်ဖြေရတော့သည်။

ကေသရ ။ ။ မလွယ်ပါဘူးအရှင်ဘုရား။

သဲအင်း ။ ။ မင်းတို့လည်း အသင့်ပြင်ထားကြ။

နောက် (၂) ရက်အကြာ ၁၉၇၃ ခုနှစ် ဇူလိုင် (၈)ရက်တွင် သဲအင်းဆရာတော်ကြီး ခန္ဓာ၀န်ချတော့သည်။

သဲအင်းဆရာတော်သည် မကြာခဏ သူ၏မောင်နှမများကို ပြောခဲ့ဘူးသည်။

သဲအင်း ။ ။ မယ်တော်ကြီးရှိလို့ ငါရှိနေတာပါ။ မယ်တော်ကြီးမရှိတော့ရင် ငါလည်း သွားတော့မှာပါ။

မယ်တော်ကြီးသေပြီး (၃) လအကြာတွင် ဆရာတော်ကြီးလည်း ခန္ဓာ၀န်ချသွားတော့သည်။

(BhikkhuTejaniya)

အရိယာသံဃာတော်ကြီးများကို အနီးကပ်စောင့်ရှောက်ကြသူများနဲ့ ဆည်းကပ်ကြသော ဒကာဒကာမတပည့်များ စကားတခုခုကို လျှောက်ဖို့ဆိုရင် အရင်ဆင်ခြင်သင့်တာ သင်ခန်းစာတခုအနေနဲ့ ရလိုက်ပါတယ်။ ဆရာတော်ဘုရားကြီးများအားလုံး ကျန်းမာသက်ရှည်ကြပါစေ။ (Ashin Varasami)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page