ပရဟိတ မင်းသားကြီး ဦးကျော်သူ “ရှော့” ရသွားတဲ့ နာရေးတခု

ကျွန်တော်”ရှော့” ဖြစ်သွားတဲ့ နာကူလမ်းကြောင်း တစ်ခု။

ယနေ့ ပုံမှန်အတိုင်း လူမျိုးဘာသာ၊ဆင်းရဲချမ်းသာမရွေး နာရေးကူညီမှုလုပ်ငန်းအား တစ်သားထဲ ကူညီဖေးမပြုလုပ်ခဲ့ရာ တောင်ဥက္ကလာ(၆)ရပ်ကွက်နေ ဘဘဦးစိုးမောင် အသက်(၉၀)နှစ်၏ကျန်ရစ်သော ရုပ်ခန္ဓာအား ရေဝေးသုဿန်သို့သယ်ဆောင်ပေးခဲ့ပါသည်။

ရေဝေးရောက်သောအခါ ကာယကံရှင် များ၏ဆန္ဒအရ မီးသင်္ဂြိုလ်မှု မပြုခင် နောက်ဆုံးအကြိမ်အဖြစ်ကွယ်လွန် သူ၏ ရုပ်ခန္ဓာအား ကြည့်ရှုလိုသဖြင့် မှန်အခေါင်းအဖုံးအားလှပ်ပြစဉ် ကာယကံရှင်မိသားစုမှ အဘဦးစိုးမောင်၏ ရင်ခွင်လက်ထဲတွင် ရှိနေသော အထုတ်တစ်ထုတ်အားဖွင့်၍ ကျွန်တော့်အား လှပ်ပြသော် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ နှစ်ပေါင်း(၁၀)နှစ် ကျော်ခန့်က စတင်၍လှူဒါန်းမှု ပြုထားသော ဂုဏ်ပြုကဒ်ပြားများ၊ မှတ်တမ်းဓါတ်ပုံများဖြစ် နေတော့သည်။

ဤတွင် ကျွန်တော်မှ “အော် လူတွေ သေဆုံးကြရင် ပိုင်ဆိုင်မှုတွေဖြစ်တဲ့ တိုက်၊ အိမ်၊ ကား၊ ပိုက်ဆံ၊ မိသားစု၊ သားသမီး၊ ဇနီး၊ အပေါင်းအသင်းမှန်သမျှ အားလုံးကို ထားခဲ့ရတာ။ ဘဘကတော့ ပိုင်ဆိုင်မှု အစစ်တွေကိုအပါယူသွားနိုင်ခဲ့ပြီ” ဟု ပြောမိပါတော့သည်။

ဘဘဦးစိုးမောင်၏ ကျန်ရစ်သော ခန္ဓာကိုယ်နှင့်အတူ ဘဘ၏လှူဒါန်းမှု မှတ်တမ်း ဂုဏ်ပြုကဒ်များသည်လည်း မီးတောက်မီးလျှံများအတွင်း လောင်မြိုက်ကာ ရေဝေးခေါင်းတိုင်မှ မီးခိုးငွေ့များ၊ ပြာမှုန်များအဖြစ် ပါသွားရှာလေပြီ။

သို့သော် သေရင် မီးခိုးနဲ့ပြာ။ ပါသွားမှာက ကုသိုလ်နဲ့ အကုသိုလ် ဟူသောစကားအတိုင်း ဘဘဦးစိုးမောင် တစ်ယောက် မြင့်မြတ်သောဘုံဗိမ္မာန်မှ မိမိတို့နေ့စဉ်ပြုခဲ့သမျှ ကုသိုလ်အစုစုကို သာဓု သာဓု သာဓုဟု ခေါ်ဆိုနေမည်မှာ မုချဧကန် မလွဲပေ။ ဘဘ ဦးစိုးမောင်တစ်ယောက် ပိုင်ဆိုင်မှုအစစ်တွေကို အမိအရယူသွားရှာ ခဲ့လေပြီ။

(ကျော်သူ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page