ကိုဗစ်ကို အနိုင်ယူပြီး ၂၀၂၀ ကို အသက်ရှင်ကျန်းမာစွာနဲ့ ကျော်ဖြတ်ကြပါစို့

ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း

နာမည်ကြီးစာအုပ် တအုပ်ရဲ့ နာမည်ပါပဲ။ မြန်မာပြည်သာမက ကမ္ဘာကြီးဟာလဲ အခုဆိုရင် ခရောင်းလမ်းကို ဖြတ်ကျော်နေကြရပီဖြစ်ပါတယ်။ ရန်ကုန်မြို့အပါအဝင် မြန်မာတပြည်လုံးမှာ ပိုးကူးစက်သူပေါင်း ၁၀၀၀ ကျော် ရှိလာပါပီ။ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကလဲ မြင့်တက်လာနေကြပါတယ်။ ဒီရောဂါမှာ အဆိုးဆုံးကတော့ လူမှုရေးနဲ့ စီးပွားရေး ထိခိုက်ရမှုတွေပါပဲ။ အခုလို အချိန်မှာ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုရှင်သန်ကြမလဲ။ ဒါဟာ အရေးပါတဲ့ မေးခွန်းပါ။

ပထမလှိုင်းဟာ တရုတ်ပြည်က လာခဲ့ပါတယ်။ မြန်မာပြည် ကံကောင်းခဲ့တာက တရုတ်က ဝူဟန်ကို သေချာပိတ်ထားတာနဲ့ ယူနန်ပြည်နယ်ကို လော့ဒေါင်း ချခဲ့လို့ပါပဲ။ ဒီတော့ မြန်မာပြည်ကို တရုတ်ပြည်ကနေ တိုက်ရိုက်ဝင်လာသူတွေ နည်းပီး လေကြောင်းတခုထဲကပဲ ဝင်လာကြလို့ ထိန်းရလွယ်ခဲ့ပါတယ်။ ဒါတောင်မှ စစ်ဆေးဖို့ ပစ္စည်းတွေ အစုံအလင်မရှိလို့ ပထမလာသူတွေကို Q ရုံသာ တတ်နိုင်ခဲ့ပီး တချို့လွတ်သွားခဲ့ပါတယ်။ ဒါကြောင့် အင်းစိန်မှာ အစုလိုက် ကူးစက်မှုတွေ ရှိလာခဲ့ပေမယ့် အချိန်မီ ခြေရာခံလိုက်နိုင်ခဲ့သလို သင်္ကြန်ကလဲ ခံနေလို့ မြန်မာပြည် အဆင်ပြေခဲ့ပါတယ်။ ပြည်သူကလဲ တက်ကြွနေသလို အားလုံးက တက်ညီလက်ညီရှိခဲ့ပါတယ်။

အခုတခါကတော့ အရှေ့တံခါးပီးတော့ အနောက်တံခါးက လှည့်လာခဲ့ပါတယ်။ အိန္ဒိယလို သန်းနဲ့ချီ ကူးစက်ခံရသူတွေရှိနေပီး လူတန်းစားကွာဟမှုကြီးမားလွန်းတဲ့ နိုင်ငံတခုနဲ့ ကပ်နေရတဲ့အခါ အခက်အခဲတွေရှိလာပါတော့တယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ ခိုးဝင်ဘင်္ဂလီတွေနဲ့ NGOs တွေ အပါအဝင် ဝန်ထမ်းတွေဟာ တဖက်က ဝင်လာသူတွေဆီကနေ ပိုးတွေ ကူးစက်လာပါတယ်။ အများစုက တိတ်တဆိတ် ကူးစက်မှု တွေပဲမို့ လူထုကြားထဲ ပျံ့နှံ့ကူးစက်နေပီး ထိတွေ့မှု မရှိပဲ ကူးစက်သူ တယောက်တွေ့တဲ့နောက် တန်းစီပေါ်လာတော့တာပါပဲ။ ဒါဟာ ခန့်မှန်းပြီးသားပါ။ ဝန်ကြီးအနေနဲ့ အမြဲတမ်းပြောတာက တယောက်ပေါ်လာရင် အစုလိုက်ပေါ်လာမယ်ဆိုပီးတော့ပါ။ အခုက ဒီအခြေအနေကို ရင်ဆိုင်နေရတာပါ။

တခါ ရခိုင်ကနေ ရန်ကုန်ကို လာသူတွေထဲက အသိစိတ်ဓာတ်မရှိပဲ ပုန်းရှောင်နေသူတွေက ရန်ကုန်ကို ဒုက္ခထပ်တွေ့စေတာပါ။ သူတို့ကနေတဆင့် ကူးစက်မှုတွေကို ရန်ကုန်က ခံနေရပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်သော်လည်း ဒီလူတွေဟာ အခုလို ကူးစက်ရခြင်းရဲ့ လက်သည်တရားခံတွေလို့တော့ ဆိုချင်ပါတယ်။ အခုဆို ကူးစက်သူ ဦးရေများလာတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်ရပ်သွားတယ်။ တခြားသော လုပ်ငန်းငယ်တွေ ထိခိုက်သလို လုပ်ငန်းကြီးတွေလဲ ထိလာတယ်။ ပြည်သူတွေမှာလဲ နှစ်ဝက်လောက် ရင်ဆိုင်လာရတော့ အားအင်ကုန်ခမ်းနေပါပီ။ ဒါဆို ကျနော်တို့ ဒီလိုပဲ လက်လျှော့ကြတော့မှာလား။ မဟုတ်ပါဘူး။ ပိုပီး စိတ်ဓာတ်ကိုမြှင့်တင်ပီး တိုက်ပွဲဝင်ကြရမှာပါ။

အခု ကျနော်တို့မှာ ပြင်ဆင်ပီးသား ဆေးရုံတွေရှိတယ်။ ရန်ကုန်တိုင်းကို လက်ထောက်ဆရာဝန်သစ်လွင်တွေ ဝင်လာကြပီ။ မြန်မာပြည်ရဲ့ ဒေသအတော်များများမှာ ပိုးရှိမရှိ စစ်ဆေးလာနိုင်ပီ။ ရဲဝံ့စွန့်စားကြတဲ့ ပရဟိတလူငယ်တွေ ရှိနေတုန်းပဲ။ ကျနော်တို့ လုပ်ရမှာက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပါ။ ဘယ်မြို့နယ်မှာ ဘယ်နှယောက်ကူးနေပီ။ အစရှိတဲ့နောက်ကို လိုက်ပီး တွေးတောနေဖို့ထက် ပိုးဟာ မိမိဝန်းကျင်မှာ ရောက်နေပီ။ အိမ်ပြင်ထွက်တာနဲ့ ထိနိုင်နေပီလို့ တွေးပီးကာကွယ်ပါ။

အိမ်က စထွက်တာနဲ့ Mask တပ်ထားပါ။ ဘတ်စ်ကားပေါ်က အဆင်း၊ ရထားပေါ်က ဆင်းပီးတာနဲ့ လက်ဆေးပါ။ Hand Gel သုံးပါ။ အလုပ်ရောက်ရင် လက်ဆေးပါ။ နှာချေချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးနေပါ။ အရေးအကြီးဆုံးက အဲကာလအတွင်းမှာ လက်နဲ့ နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိကို လုံးဝ မထိပါနဲ့။ အဲဒါဆို ရပါပီ။ အိမ်မှာနေနိုင်သူက အိမ်မှာနေပါ။ သတင်းမပေးပဲ ပုန်းနေသူတွေ့ရင် သတင်းပေးပါ။ ဒီရောဂါဟာ ကျနော်တို့နဲ့အတူ နောက် ၁ နှစ် ၂ နှစ်လောက်ထိ ရှိနေပီး ဒုက္ခပေးနေနိုင်ပါတယ်။ ကြာလာရင်တော့ ကာကွယ်ဆေးတွေ ထွက်လာရင်တော့ ပိုးရှိနေသေးသည့်တိုင် လူသားတွေက ဂရုစိုက်ဖို့ မလိုတော့ပါဘူး။ အမေရိကန် CDC က ပြည်နယ်အစိုးရတွေကို အောက်တိုဘာ လကုန်မှာ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့ အစီအစဉ်တွေ စလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒီတော့ ကာကွယ်ဆေးရဖို့က သိပ်အကြာကြီးတော့ မလိုတော့ပါဘူး။ နောက် ၁ နှစ်လောက်အတွင်းမှာ ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီတော့ ဒီရောဂါကို ဘယ်လိုနှိမ်နင်းမလဲဆိုရင် ပြည်သူပါတာကတော့ ပထမအရေးအကြီးဆုံးအချက်ပါ။ နောက်တခုကတော့ အခုလို ပိုးတွေ့လူနာတွေ များလာရင် Lock down တွေ ပြန်ချရတယ်။ အလုပ်တွေ ထိခိုက်တာရှိပါမယ်။ စည်းကမ်းတကျ နေကြရင် ၂ ပတ်ကနေ ၁လအတွင်းမှာ လူနာလျှော့သွားရင် ပြန်ဖြေလျှော့ပေးမယ်။ နောက်တခါ လူနာများလာရင် တခါ ထပ်မံပိတ်ဆို့ကြရပါမယ်။ နိုင်ငံတကာမှာလဲ ဒီလိုပဲ လုပ်နေရတာပါပဲ။ စည်းကမ်းတွေကိုလဲ လိုက်နာကြပါ။ မနေ့ညက ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ချိုးဖောက်တာကြောင့် လူ ၆၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ရပါတယ်။ ဒါကြောင့် အခက်အခဲတွေ ရှိနေပေမယ့် အားတင်းထားကြပါ။ ဒီပိုးဟာလဲ ထာဝရ ဒုက္ခပေးနိုင်နေမှာ မဟုတ်ပါဘူး။ ဘဝဆိုတာ ရုန်းကန်ရင်ဆိုင်ရင်း ကျော်ဖြတ်ရတာမျိုးပဲမလား။

ဒီကပ်ဘေးကာလအတွင်းမှာ ကမ္ဘာပေါ်မှာ သန်းနဲ့ ချီတဲ့ လူတွေ ကူးစက်ခံရသလို လူပေါင်းများစွာ လောကကြီးထဲက နှုတ်ဆက်သွားခဲ့ရပါပီ။ ပိုးကြောင့် မဟုတ်ပဲ အခြားရောဂါတွေကြောင့် သေဆုံးသူတွေလဲ ရှိသလို ရောဂါရဲ့ နောက်ဆက်တွဲအဖြစ် လူမှုရေး။ စီးပွားရေးတွေ ဖိစီးလို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြသူတွေလဲ များပြားလှပါတယ်။ မြန်မာပြည်မှာလဲ အများကြီးပါ။ ၂၀၂၀ မှာ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေမှာ မျှော်မှန်းထားသလို ဖြစ်မလာသူတွေ၊ အစီအစဉ်ချထားတာတွေ ပျက်ကုန်ကျသူတွေလဲ အများကြီး တွေ့ရပါတယ်။ ဒါဟာ ခေတ်တခုရဲ့ သဘောတရားပါပဲ။ ကျနော်တို့ခေတ်မှာ ကပ်ဘေးနဲ့ ကြုံတော့ ဖြတ်ကျော်ရဦးမှာပေါ့။ စိတ်ဓာတ်မကျပါနဲ့။ ဘယ်အရာကမှ အချည်းနှီးဖြစ်တယ်လို့ မရှိပါဘူး။ ဇွဲမလျှော့တမ်း အတူတကွ ရင်ဆိုင်ကြပါစို့။

“၂၀၂၀ မှာ အကြီးမားဆုံးအောင်မြင်မှုကတော့ အသက်ရှင်ကျန်းမာစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါလိမ့်မယ်။”

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page