ကျောင်းသားကျောင်းသူ အားလုံး ကာကွယ်ဆေးထိုးပြီးမှသာ ကျောင်းဖွင့်နိုင်မည်ဟုဆို

ကျောင်းသားကျောင်းသူ အားလုံး ကာကွယ်ဆေးထိုးပြီးမှသာ ကျောင်းဖွင့်နိုင်မည်ဟုဆို

သြဂုတ်လ ၂၇ ရက် မှာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းတွေကို ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။ အခြေခံပညာ စာသင်ကျောင်းတွေကို ကိုဗစ်ရောဂါ ထိန်းချုပ် နိုင်ချိန်ရောက်မှသာ ပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါသင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့ အခြေခံပညာ ဦးစီးဌာနမှ သိရပါ တယ်။

စာသင် ကျောင်းတွေဟာပုံမှန်ဆိုရင်အချိန်ကာလ ကိုးလ (ရက်သတ္တပတ် ၃၆ ပတ်) တက်ရောက် စာသင်ကြားရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ က တော့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အတွက် ကျောင်းပြန်ဖွင့် တဲ့အခါ ကျောင်းသူ ကျောင်းသားတွေ နောက်ကျမှုမရှိစေရန် စနေ၊တနင်္ဂနွေပိတ်ရက်မှာပါ စာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားတယ် လို့ သိရပါတယ်။

“ဒီကာလက ကိုဗစ် ကူးစက်မှု အရမ်းမြင့်နေ တာဆိုတော့ ကိုဗစ် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်းဖြစ်တယ်။ ကျောင်းဖွင့်ဖို့ကိစ္စလည်း ကိုဗစ် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပဲ လိုက်နာရတယ်။ ရောဂါထိန်းချုပ်နိုင်ပြီ ကျောင်းသားတွေကို ကာကွယ်ဆေး ထိုးနှံနိုင်ပြီ ဖွင့်ရပြီဆို ဖွင့်မယ် “လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောပါတယ် ။

လတ်တ လော မှာတော့ အခြေခံပညာကျောင်းအားလုံးကို ပိတ်ထားကြောင်းနဲ့ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားချက် ရပြီဆိုတာနဲ့ တရားဝင်အသိပေး ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။

“ကျောင်းတွေပြန်ဖွင့်မယ်ဆိုလို့ ကလေးတွေကိုတောင် ကျူရှင်ထားခဲ့တယ်။ နောက်တော့ ဆရာမကကျောင်း မဖွင့်သေးဘူးဆိုပြီး ကျူရှင်သင်တာကို နားလိုက်တယ်။ ကိုဗစ်ရောဂါ ဖြစ်နေတော့ ကျောင်းမဖွင့်တာကောင်းပေမယ့် ၊ကလေးတွေက စာသင်နှစ်နောက်ကျတယ်။ ကလေးတွေ တစ်နေကုန် Mask တပ် စာသင်ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး။ ခုထိတော့ ကျောင်းဖွင့်မယ် မဖွင့်ဘူး ဘာမှမသိရသေးဘူး”လို့ ကျောင်းသား မိဘဖြစ်သူ ဒေါ်ခင်စိုးဝင်းက ပြောပါတယ်။

စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းခဲ့တဲ့ ဇူလိုင်လမှာ ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှု စတင်ချိန် သြဂုတ်လ ၂၇ ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည် ပိတ်ခဲ့တာ လက်ရှိ အချိန်အထိလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page