၃၆ နှစ်ဆက်တိုက် တရက်မှ ကျောင်းမပျက်သည့် ဆရာမကြီး ဂုဏ်ပြုဆု ချီးမြှင့်ခံရ

၃၆ နှစ်ဆက်တိုက် တရက်မှ ကျောင်းမပျက်သည့် ဆရာမကြီး ဂုဏ်ပြုဆု ချီးမြှင့်ခံရ

အနာဂတ်ခေါင်းဆောင် ကျောင်းသားလူငယ်များရှိရာ စာသင်ခန်းများဆီသို့ နှစ်ပေါင်း(၃၆)နှစ် ဆက်တိုက် မပျက်မကွက်လာရောက် စာသင်ခဲ့သည့် ဆရာမကြီးတဦးအပါအဝင် ဆရာမကြီး(၆)ဦးကို နိုင်ငံတော်(ပညာရေးဝန်ကြီးဌာန)က ကျောင်းတက်မပျက်ဆုများ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း အခြေခံပညာရေးအသိုင်းအဝိုင်းမှ သိရှိရပါတယ်။

ဆုရသူများမှာ (၃၆) နှစ် ကျောင်းတက်မပျက်သည့် ဆရာမဒေါ်စောနန်းမိုမို (TTC ကမာရွတ်)၊ (၃၄)နှစ် ကျောင်း တက်မပျက်သည့် ဆရာမဒေါ်ခင်သန်းဌေး (အမက-၁၇ ၊မြောက်ဥက္ကလာ)၊ (၃၃)နှစ် ကျောင်းတက်မပျက်သည့် ဆရာမ ဒေါ်စန်းစန်းမော် (အထက-၃၊ အင်းစိန်)၊ (၃၁) နှစ်ကျောင်းတက်မပျက်သည့် ဆရာမဒေါ်ဝင်းမာ (အမက-၁၊ လသာ) ၊ (၂၆)နှစ် ကျောင်းတက်မပျက်သည့် ဆရာမဒေါ်စန်းစန်းဝင်း (အလက-၁၀၊ အင်းစိန်)နှင့် (၂၅)နှစ် ကျောင်းတက်မပျက်သည့် ဆရာမဒေါ်နုနုဆွေ (ထခွဲ၊ အလက(၆)လှိုင်)တို့ ဖြစ်ကြပါတယ်။

“ဆုအတွက်ရည်ရွယ်ပြီး လုပ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဆရာတယောက်ရဲ့ဘဝမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တယ်။ အလုပ်ပေါ်မှာ ကလေးတွေအပေါ်မှာ စေတနာထားတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စာနာစိတ်ထားတယ်။ ကိုယ်ကျောင်းတရက်ပျက်လိုက်ရင် ကလေးတွေအတွက် လိုအပ်ချက်တွေဖြစ်သွားမှာ၊ တခြားဆရာတွေ ဝန်ပိသွားမှာစိုးတဲ့အတွက် ကျောင်းတက်ရက်မပျက်အောင် ဒီ အချိန်ထိ ကြိုးစားဖြစ်ခဲ့တာပါ”ဟု ၃၆ နှစ်တိုင် ကျောင်းတက်မပျက်သည့် ဆရာမကြီးဒေါ်စောနန်းမိုမိုက ပြောပါတယ်။

ကပ်ရောဂါကာလဖြစ်သည့်အတွက် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို အောက်တိုဘာ (၅) ရက်နေ့က Zoom Meeting ဖြင့်ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဂုဏ်ထူးဆောင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရဆရာမကြီးများ၊ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပါတယ်။

“ဒီတကြိမ်နဲ့ဆို ကျောက်တက်မပျက်ဆုရတာ (၄) ကြိမ်မြောက် ရှိပါပြီ။ ကပ်ရောဂါကာလဆိုတော့ ကမ္ဘာ့ဆရာ များနေ့ကို ကျင်းပဖြစ်မယ်လို့ ထင်မထားပါဘူး။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဆရာတွေအပေါ်မှာ အလေးအနက် တန်ဖိုးထားတဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ်”ဟု ၃၄ နှစ်တိုင် ကျောင်းတက်မပျက်ခဲ့သည့် အလယ်တန်းပြ ဆရာမဒေါ်ခင်သန်းဌေးက ပြောပါတယ်။

ကျောက်တက်ရက်မပျက် ဆုရရှိသည့်ဆရာမကြီးများအား တဦးလျှင် ဆုကြေးငွေ (၅) သိန်းကျပ်စီကို ပညာရေး ဝန်ကြီးဌာနက အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခဲ့ကြောင်း၊ ဂုဏ်ပြုမှတ်တမ်းများလည်း ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း ဆုရဆရာမကြီးများထံမှ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page