လမ်းမတော်မြို့နယ်မှ ကွယ်လွန်သွားသော ကိုဗစ်လူနာသည် အိမ်တွင် ကျိတ်ကုနေသူ ဟုဆို

လမ်းမတော်မြို့နယ်မှ ကွယ်လွန်သွားသော ကိုဗစ်လူနာသည် အိမ်တွင် ကျိတ်ကုနေသူ ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင်နေထိုင်သည့် ကိုဗစ်ရောဂါ အတည်ပြုလူနာ အသက် (၅၉)နှစ်အရွယ် အမျိုးသားတစ်ဦး စက်တင်ဘာ ၁၄ရက်၊ ညပိုင်းတွင် သေဆုံးသွားကြောင်း သိရပါတယ်။

လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးသိန်းဇော်က “ကိုဗစ်အတည်ပြုလူနာဖြစ်ပြီ။ မနေ့ညက ဖောင်ကြီးမှာ ဆုံးသွားတာ။ ရောဂါအခံရှိလားတော့မသိဘူး။ ပတ်ဝန်းကျင်ပြောပြချက်အရတော့ ဖြစ်နေတာကို အိမ်ထဲမှာ ကျိတ်ကုလိုက်တာ။ ရောဂါကြာပြီးမှ ကျွမ်းပြီးမှ မနိုင်တော့မှ ဆေးရုံကိုသွားပြတာပေါ့။ အိမ်ထဲမှာ အသက်ရှုကြပ်ဖြစ်နေတာကြာပြီလို့သိရတယ်”ဟု ပြောပါတယ်။

သေဆုံးသူအား အနီးကပ်ပြုစုပေးခဲ့သော သားဖြစ်သူကို ရွှေပြည်သာမြို့နယ် Q စင်တာသို့ ပို့ဆောင်ထားပြီး ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ကို ယနေ့ နံနက်ပိုင်းတွင် ရှင်သန်နာရေးကူညီမှုအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။

အသက် (၅၉)နှစ်အရွယ် အမျိုးသားသည် လမ်းမတော်မြို့နယ် ၊ အမှတ် (၇)ရပ်ကွက် ၊ (၁၆)လမ်းတွင်နေထိုင်ပြီး ၎င်းတွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၃ရက် ၊ ညပိုင်းတွင် ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာ စာရင်းတွင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၅ရက် ၊ နံနက် ၈နာရီအချိန်ထိ ကိုဗစ် ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၃၂၉၉ ဦးရှိပြီး သေဆုံးသူ ၃၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page