နေ့စား၊ အနှေးယာဥ်နဲ့ ကယ်ရီသမားများကို အစိုးရမှ ကျပ် သုံးသောင်းစီ ထောက်ပံ့မည်

နေ့စား၊ အနှေးယာဥ်နဲ့ ကယ်ရီသမားများကို အစိုးရမှ ကျပ် သုံးသောင်းစီ ထောက်ပံ့မည်

လူမှုဖူလုံရေးတွင် အကျုံးမဝင်သော အလုပ်သမားများအတွက် နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ပေးမည့်အစီအစဉ်တွင် နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ကျ၊ မော်တော်ဆိုက်ကယ်တက္ကစီ အလုပ်သမားများလည်း ရရှိမည်

ကိုဗစ်ကြောင့် ရန်ကုန်တိုင်းအတွင်း ခေတ္တပိတ်ထားရသော အလုပ်ဌာနမှ အလုပ်သမားများကို နိုင်ငံတော်က ထောက်ပံပေးရာတွင် လူမှုဖူလုံရေးထည့်ဝင်ထားသော လုပ်သားများကို ထောက်ပံ့ကူညီမှုအနေဖြင့် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်နေသကဲ့သို့ လူမှုဖူလုံရေးတွင် အကျုံးမဝင်သော အလုပ်သမားများအတွက် နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ပေးမည်ဖြစ်ရာ ထိုထဲ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ကျ၊ မော်တော်ဆိုက်ကယ်တက္ကစီ အလုပ်သမားများလည်း ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ယနေ့ညှိနှိုင်းဆွေးနွေးချက်အရသိရပါတယ်။

ယင်းနောက် ပြည်တောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းတွင် ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုအလုပ်ဌာနပေါင်း (၆၄၂၉) ဌာနရှိပြီး အာမခံအလုပ်သမား (၈၀၀၂၆၀) အတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း (၁၉,၆၄၀ ဒသမ ၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် အလုပ်ဌာနများကိုလည်း အချက်အလက်များ စိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွားခဲ့သည့် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုများပြားလာ သည့်အတွက် Stay at Home အစီအစဉ်ဖြင့် အကျုံးဝင်သည့် အလုပ်ဌာနများရှိ အာမခံအလုပ်ဌာန များရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ရာခိုင်နှုန်းခွင့်ပြုနိုင်ရေးအတွက်

စက်တင်ဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၉၆/၂၀၂၀)အရ ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမှုအနေဖြင့် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ Online Web portal မှ လျှောက်ထားသည့် အလုပ်ဌာန (၁၈၃၂ ) ဌာနရှိပြီး ခွင့်ပြုခဲ့သည့် အလုပ်၊ ဌာန (၃၁၃) ဌာနနှင့် အာမခံအလုပ်သမား ၃၃၈၀၂ ဦးအတွက် ခွင့်ပြုထုတ်ပေးငွေကျပ် သန်းပေါင်း (၂၃၆၂၇၃၃) ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့်ဌာနများ ကိုလည်း အမြန်ဆုံးစိစစ်၍ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်းလည်းပြောကြားခဲ့ပါတယ်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအနေဖြင့် Quarantine ဝင်ရောက်သူ အလုပ်သမားများ Positive လူနာများ ဆေးရုံတက်ရောက်ရသူများ ကိုယ်ဝန်ဆောင် မိခင်များသို့ ဥပဒေနှင့်အညီ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် အင်အားများသည့် စက်ရုံ၊အလုပ်ရုံများအတွက် ရုံးချုပ်မှ သက်ဆိုင်ရာ နယ်မြေမြို့နယ်ရုံးသို့ ငွေလွှဲပေးပို့ပြီး ချက်လက်မှတ်အား စက်ရုံအလုပ်ရုံသို့ တိုက်ရိုက် ပေးပို့ဆောင်ရွက်ခြင်းနှင့် အင်အားနည်းပါးသည့် စက်ရုံ အလုပ်ရုံများအတွက် Online မှ ပေးပို့ခြင်းစသည့် စနစ် ၂ မျိုးဖြင့် အမြန်ဆုံးထုတ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်းပါ အလုပ်သမား၊လဝက ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page