ရန်ကုန်ဆေးရုံကြီးမှာ ကိုဗစ်ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၂၀၀ နီးပါး ရှိသွားပါပြီ (ဒေါက်တာနန္ဒဝင်း)

“ရန်ကုန်ကိုရောက်ခဲ့တယ်”

၁၀၊၁၀၊၂၀၂၀ အရေးပေါ်ချက်ချင်းပဲ ရန်ကုန်ဆေးရုံကြီးကို ပြောင်းဖို့ အမိန့်ထွက်လာတယ်

ရန်ကုန်ဆေးရုံကြီးရဲ့ စနစ်ကျနတဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာ တတ်စွမ်းသမျှ လိုအပ်ချက်ရှိနိုင်တာလေးတွေ ကို ကြည့်ကာ ဖြည့်စည်းပေါင်းစပ်နိုင်အောင် ကြိုးစားခဲ့တယ်။ အလုပ်တွေများလွန်းတာမို့ တာဝန်တွေ ခွဲဝေပြီ: ပီပီပြင်ပြင် လုပ်နေတဲ့ ရန်ကုန်ဆေးရုံကြီးမှာလိုတာက ပေါင်းစပ်ညှိုနှိုင်းသူ နေရာစုံလျှောက်သွား လူ အစုံနှင့်တွေ့ လိုတာ ဖြည့်နိုင်ဖြည့် မလုပ်နိုင်တင်ပြ ပေါင်းစပ် ဖြေလျော့ပေးမယ့်သူ…. ဘယ်သူမှတာဝန်မပေးပါပဲ အဲဒီနေရာကို ခုန်ဆင်း တာဝန်ယူခဲ့တယ်။

မာနကိုခဝါချပြီး လူတိုင်းကို “ကျွန်တော်က အသစ်ရောက်တဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်း ပါခင်ဗျာ” လို့မိတ်ဆက်ရင်း တစ်သက်တာရဲ့ အချိုသာဆုံးလေသံ အောက်အကျို့ဆုံး အနေအထား နှင့် ပေါင်းစပ်ခဲ့ပါတယ်။ အရွေ့တစ်ခု ရှိလာတယ်။ အားကိုးသူတွေရှိလာတယ်။ ဘ၀ရဲ့ စိတ်အပင်ပန်းဆုံးအချိန်ကို ဖြတ်ကျော်ခဲ့ရတယ်။ အရိုးသားဆုံး ဖြစ်ပျက်နေတာတွေကို တင်ပြတယ်။ အကြီးအကဲတွေကိုရော ပြည်သူကိုချပြသင့်တာတွေရောပေါ့။ ပြည်သူကို ချမပြပါနဲ့ ဆိုတဲ့ စကားသံလေးတွေ တစ်ချို့ဆီက ထွက်လာတယ်။ post တစ်ခု only me လုပ်ဖို့ အပြောခံရတယ်။

ကျွန်တော်ယုံကြည်တဲ့ ကူးစက်ရောဂါ သို့မဟုတ် ပြည်သူတွေ ပါဝင်ပတ်သက်နေတဲ့ အရာတွေကို ဖြေရှင်းတဲ့နေရာမှာ ADAPT ဆိုတဲ့ နည်းက အကောင်းဆုံးပဲ ။ အဲဒီထဲမှာ T ရဲ့အဓိပ္ပါယ်က transparency (ပွင့်လင်းမြင်သာမှု) လို့ဆိုပါတယ်။ အလုပ်လုပ်တာ ဘယ်သူမှ အမှားမကင်းနိုင်ဘူး ဝေဖန်မှုမကင်းနိုင်ဘူး ဒါပေမယ့် ရိုးရှင်း ရင် ဘာမှ ချမပြနိုင်စရာမရှိဘူး။ ရိုးသားမှု ဟာ အရေးအကြီးဆုံးပါပဲ။ ရိုးသားစွာ ချပြနိုင်ရင် ပြည်သူ့အားကို သိမ်းကြုံးရမှာ အသေအချာပါပဲ။ မြန်မာပြည်မှာ တစ်ချို့သော institution တွေ failed ဖြစ်ခဲ့တဲ့ အကြောင်းရင်းထဲမှာ အဓိက တစ်ခုတည်းသော အကြောင်းကို ပြောပါဆိုရင် မရိုးသားခဲ့တဲ့ အုပ်ချုပ်စီမံမှု ကြောင့်ပါပဲ။

ကျွန်တော်က အုပ်ချုပ်စီမံသူတစ်ယောက် ဖြစ်ပါတယ်။ ရန်ကုန်ကို အရေးပေါ် သူရဲကောင်းလိုလို special mission လိုလို ဇာတ်လမ်းထဲက လိုလို ခေါ်လိုက်ပေမယ့် လူချည်းပဲ ပစ်ထည့်တာခံလိုက်ရတာပါ။ ပါဝါအာဏာ လူသူ အင်အား ဘာမှ မဖြည့်လိုက်ပါဘူး။ တင်ပြကာမှ အားကိုးရတဲ့ မြဝတီ နှင့်သီပေါက သားနှစ်ယောက်ကို ထည့်ပေးပါတယ်။ (သူများ အားမရတိုင်း အနားက သား ၂ကောင်ကို ဆဲလို့ရတာပေါ့လေ− ချစ်ရပါသောသားများပါ) ရှိတဲ့ အနေအထားကနေ ဆရာကြီ: ဆရာမကြီးတွေကို တင်ပြ မိတ်ဆွေတွေရဲ့ အားနှင့် လိုအပ်တာတွေကို ဖြည့်စွက် ဆောင်ရွက်ခဲ့ပါတယ်။ မအိပ်ရတဲ့ညတွေ အိပ်ဆေးသောက်အိပ်ရတဲ့အချိန်တွေ ငိုကြွေးခဲ့ရတဲ့ အချိန်တွေ ကျော်ဖြတ်ခဲ့ရတယ်။ (ဇာတ်နာပြတာမဟုတ်ဘူး ဇာတ်က မနာနာအောင် ပုဏ္ဏားတွေက အရိုက်ကြမ်းလွန်းတာ)

အရမ်းချစ်မြတ်နိုးတဲ့ အလုပ်က နောက်ဆုံး ထွက်တော့မယ် ဆိုတဲ့အထိ ဆုံးဖြတ်လိုက်မှ အလုပ်လုပ်ရတာ အဆင်ပြေသွားတယ်။ ပြုတ်ချင်ပြုတ် ဖြုတ်ချင်ဖြုတ် ဆိုတဲ့ သေမထူး စိတ်တစ်ခုဟာ anaerobic reaction တစ်ခုလို ပေါက်ကွဲအားပြင်းထန်စွာ လှုပ်ရှားနိုင်ခဲ့တယ်။

ကျွန်တော်ဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးရဲ့ လက်ရှိ အရွေ့တစ်ခုကိုတော့ ပုံမှန်ထက် မြန်ဆန် နိုင်အောင် ပုံမှန်လုပ်မှာထက် အဆင်ပြေအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ မဏ္ဍပ်တိုင် တက်တာမဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်းတွေရှိနေပေမယ့် သူတို့ ရဲ့ ခံစားချက် ကို နားထောင်ပေးသူ သူတို့ကို ဖြေသိမ့်ပေးသူ အသေးအမွှားလေးသော သူတို့လိုအပ်ချက်ကို ဖြည့်စည်းပေးသူ မရှိပါဘူး (မင်းရှိလို့ငါမလုပ်တာလို့တော့မပြောစေချင်ဘူး မင်းကြံတာ ငါကြံထားတာလို့တော့ မဦးစေချင်ဘူး နဂိုကသာ လုပ်ခဲ့ ကြံခဲ့ရင် ကျွန်တော် ဒီမရောက်ပါဘူး။ မြဝတီမှာ အသစ်ထွက်တဲ့ positive လူနာတွေအတွက် ကြံစည်ထားသမျှ ပုံအောပြီး တစ်မြို့လုံးကို လုံခြုံကျေနပ်အောင် ဆောင်ရွက်ပေးနိုင်နေပါပြီ − အားနာတယ်မြဝတီ ကိုဗစ်မှာ မြဝတီအတွက် အများကြီး ကြိုတွေးကြိုစီမံထားတာတွေရှိခဲ့တယ် ပိုးတွေ့ တစ်ရာ တစ်ပြိုင်တည်း တွေ့ရင်တောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ တွေးထားခဲ့တယ် ကြံစည်သမျှ ကို အကုန် မသုံးလိုက်ရပါဘူး ညီလေး အဲလက်စ် မောင်မျိုး ညီမ ခင်ချို တို့ အစွမ်းကုန် လုပ်ပေးနေတာကို ကျေးဇူးတင်ပါတယ်)

အခုကျွန်တော့်ဘာသာ ရည်မှန်းချက်က ရန်ကုန်ဆေးရုံကြီးမှာ ရောက်လာတဲ့လူနာတိုင်း ကုတင်ပေါ်ရောက်ရေး ကုတင်နှင့်နေနိုင်ရေးကို အရင်ဆုံး ဦးတည်ထားခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ ခုံတွေပေါ်မှာ နေနေရတဲ့ ဘဝတွေထက် ရန်ကုန်ဆေးရုံကြီးရဲ့ကျောတစ်နေရာစာကို ကုတင်လေးပေါ်မှာဖြစ်ရေးပဲ ဦးတည်ခဲ့တယ်။ ကုသတာကတော့ ပြောစရာကိုမလိုလောက်အောင် တော်တဲ့ သူတွေ ချည်းပဲ။ အသစ်ဆောက်မယ့် နေရာတွေမှာ အိမ်သာတွေ အလုံအလောက်ပါရေး ကို ဆိုင်ဆိုင်မဆိုင်ဆိုင်ဒီဇိုင်း ဝင်ကြည့် ပါ ခဲ့တယ်။

မနေ့က အကိုစိုးလှိုင် ရောက်လာပေးတယ်။ ဆေးရုံအင်ဂျင်နီယာလောကမှာ အကူအညီအပေးဆုံး ရောက်ရာ နိုင်ငံမှာ ဆေးရုံတိုင်းကို ထဲထဲဝင်ဝင်လေ့လာတတ်တဲ့ အင်ဂျင်နီယာအကို က ညီလေး အတွက် အကိုလာတယ်တဲ့။ လက်ရှိ အင်းလျားစင်တာရဲ့ ပုံဖော်သူ အကို့ဆီက ဆေးရုံ တွင်း ကူးစက်ရောဂါ နှိမ်နှင်းရေး အင်ဂျင်နီယာ အမြင်ကို တဝကြီ: ရလိုက်တယ်။ ၂၀၀၆ စတွေ့ကတည်းက ချစ်ခင်တဲ့အကို နေပြည်တော် ခွဲစိတ်ခန်းမှင့် အထူးကြပ်မတ်ဌာန laminar flow ပျက်တုန်းက အတူ တွဲခဲ့တဲ့အကို ခုလည်း လေထုတ်စနစ်တွေ (ဖောင်ကြီးနမူနာ) လေဖိအားစနစ်တွေ (ကြားခံ positive အခန်းထားလိုက်ခြင်းအားဖြင့် relative negative pressure room ဖြစ်သွားစေပုံတွေ) ကို အားပါးတရ လာရှင်းပြခဲ့တယ်။ ကျွန်တော်ရဲ့ ပထမဦးဆုံး ဆရာ ကျွန်တော်က ဦးဉီးဆရာလို့ခေါ်တဲ့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဖုန်းအကြာကြီးဆက်ပြီး လိုအပ်တဲ့အားတွေ ပေးခဲ့တယ်။

ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ အနည်းဆုံး ကုတင်ပေါ်တင်တော့ ကုနိုင်လောက်တဲ့ အခြေအနေတစ်ခု ရောက်သွားပါပြီ။ ဒါပေမယ့် ပြည်သူတွေက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာပဲ ခုလို ထွက်သွား ထွက်လာ စည်းကမ်းမရှိရင်တော့ ရန်ကုန်ဆေးရုံကြီးကို ကုတင် အလုံးတစ်သောင်းဖြည့်လည်း လောက်မှာမဟုတ်ပါဘူး။ ပြည်သူတွေ လိုက်နာကြပါ။ မကူးစက်အောင်နေကြပါ။ ကိုယ့်အိမ်က သက်ကြီးတွေ နာတာရှည်ရောဂါသယ်တွေကို ကူးစက်မှု ဖြစ်မလာအောင် ထိန်းသိမ်းကြပါ။

ခု ကျွန်တော်တို့တောင့်ခံနေတာပါ။ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတာ (၁၀၀) ကျော် (၂၀၀) နီးပါးရှိနေပါပြီ။ လုပ်အားတွေ မမျှတော့ပါဘူး။ အရမ်းပင်ပန်းနေကြပါပြီ။ ဒီလိုသာဆက် ဖြစ်နေမယ်ဆို စိတ်ပန်းလူပန်း နှင့် ဝန်ထမ်းအားလုံး ပြုတ်ပြုတ်ပြုန်းကုန်ပါလိမ့်မယ်။ ဆရာဝန်ဆရာမမရှိတဲ့ ကုတင်အသစ်တွေနှင့် ဆေးရုံကြီးတွေဟာ ဇရပ် သာသာ တည်းခိုခန်းသာသာပဲဖြစ်ပါလိမ့်မယ်။ ဆရာဝန် ဆရာမတွေဟာ ဝယ်ယူလို့ စက်ရုံကထုတ်လို့မရပါဘူး။ ကန့်သတ်ချက်ရှိပါတယ်။ ပုံမှန်ထက် ပိုအလုပ်လုပ်ရ ရင် သတိမေ့လျော့ပြီး ရောဂါကူးစက်နိုင်ခြေရှိပါတယ်။

Mask မေးတပ် လူစုလူဝေးလုပ် စျေးတွေထဲမှာ ပြုံတိုး မလိုပဲ လမ်းပေါ်ထွက် မလုပ်ပါနဲ့ တစ်သက်တာပျော်ရွှင်ဖို့ အိမ်မှာနေကြပါစို့ အလုပ်မလုပ်ရင် ငတ်မယ်ဆိုတဲ့သူတွေအတွက် ဒေသအလိုက် အလှူရှင်တွေ အဖွဲ့တွေ ရှိပါတယ် ကူကြမှာပါ အစာငတ်မသေအောင်တော့ ဝိုင်းကြရမှာပါ…

ပြည်သူမပါ ဘယ်ဟာမှမပြီးပါဘူး ပြည်သူတွေ မလိုက်နာရင်တော့ ပြည်သူတွေပဲ အထိနာတော့မှာပါ… သတိပြုကြပါဗျာ

ဒေါက်တာနန္ဒဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page