မြန်မာပြည်က ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံနေရတဲ့ အဓိကအကြောင်းအရင်းတွေနဲ့ ဆေးရုံများ ပြိုလဲနိုင်ခြေ

ဘာလို့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးနေကြရတာလဲ။

အခုရက်ပိုင်း စိတ်မချမ်းသာစရာတစ်ခုကတော့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြု၊ အလုပ်သမား ဝန်ထမ်း နေ့စဉ်ဆယ်နဲ့ချီ ကိုဗစ်ကူးစက်ခံနေရပြီး စုစုပေါင်း ကူးစက်ခံရသူ ရာနဲ့ချီနေပါပြီ။

ရာထူးအဆင့်အနေနဲ့လဲ ပါမောက္ခကနေ အောက်ခြေ လူနာအတင်အချ အလုပ်သမားအထိ အများကြီးပါပဲ။

နေရာဌာနကလဲ အစုံဖြစ်နေပါတယ်။ ဒါပေမယ့် ကိုဗစ်လူနာကုတဲ့ဆေးရုံတွေမှာ ကူးစက်သံ သိပ်မကြားရပဲ PUI လို့ခေါ်တဲ့ သံသယလူနာတွေကို စတင်ထိတွေ့ရတဲ့ အထွေထွေရောဂါကုဆေးရုံကြီးတွေက ကျန်းမာရေး ဝန်ထမ်းတွေက ပိုလို့ကူးစက်ခံနေရပါတယ်။

ဒီပြဿနာ ကျန်းမာရေးဝန်ထမ်း ယိုပေါက်ကြီးဟာ အဖြေရှာရမယ့် ကိစ္စလို့ထင်ပါတယ်။ ဆေးရုံတွေ ပြိုလဲသွားနိုင်တဲ့ အန္တရာယ်ရှိလို့ပါပဲ။ အခုတောင် တချို့ဆေးရုံက ခွဲခန်းတွေ၊ လူနာဆောင်တွေမှာ ဝန်ထမ်းကူးစက်မှု များပြားတာကြောင့် ခေတ္တခဏ ပိတ်ရမှုတွေ ရှိနေပါတယ်။

ကျွန်တော် စဉ်းစားမိတဲ့ အချက်လေးတွေကို တင်ပြပါရစေ။

ကိုဗစ်သီးသန့်ကုတဲ့ ဆေးရုံတွေက ကိုဗစ်မှန်း သိပြီးသား၊ အဲ့ဒီတော့ လူနာကရော ကျန်းမာရေး ဝန်ထမ်းကရော သေသေချာချာ mask တပ်တယ်။ ကျန်းမာရေး ဝန်ထမ်းဆို PPE ပြည့်ပြည့်စုံစုံပါ ဝတ်တယ်။ အဲ့တော့ ကူးတာနည်းတယ်။

အထွေထွေ ဆေးရုံတွေက PUI တွေက ကိုဗစ် ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ ။ လူနာတွေကလဲ mask သေချာမတပ်၊ လူနာစောင့်တွေကလဲရှိ၊ သူတို့လဲ mask ကိုသေချာမတပ်။ ပိုးတွေ ပိုပျံ့။ ဆရာဝန်တွေကလဲ အရေးပေါ်ဌာနတွေပဲ PPE သေချာဝတ်ပြီး အခုထိ အတော်များများက level 1 လောက်နဲ့ နေကြတုန်း။

ကိုဗစ်ဆေးရုံက ကုတင်လွတ်မှ လက်ခံတယ်။ လူနာစောင့်မရှိဘူး။ အဲ့တော့ လူမရှုပ်ဘူး။ အထွေထွေ ဆေးရုံက လူနာတွေ ဒင်းကြမ်း လူနာစောင့်တွေ ဒင်းကြမ်းနဲ့ ရှုပ်ရှက်ခတ်နေတယ်။ လက်မခံလို့လဲ မရဘူး။ ထိုင်ခုံနဲ့ ကြမ်းပေါ်အထိ ရောက်နေတယ်။

လူနာနဲ့ဆို အကာအကွယ်ကို ဂရုစိုက်ပြီးယူကြပေမယ့် အချင်းချင်းဆို ပေါ့ပေါ့ဆဆ နေမိရာကနေ ကူးကြတာလဲ အဓိကအချက်ဖြစ်နိုင်တယ်။ အချင်းချင်း ထမင်းစုစားတယ်။ အချင်းချင်းဆိုပြီး mask ချွတ်တယ်။ တခန်းထဲ အတူတူ တိုးခွေ့နားရ အိပ်ရတာလဲ ပြဿနာတစ်ခုပဲ။ စကားပိုပြောဖြစ်တယ်။ ကိုဗစ်သတင်းတွေ ဖလှယ်ရတာကိုး။ အဲ့တော့ တစ်ယောက် positive ဖြစ်ရင် အားလုံးကူးကုန်တယ်။

နဂိုကတဲက ဆေးရုံတွေရဲ့ တည်ဆောက်ပုံ ဒီဇိုင်းတွေဟာ ညံ့တယ်။ အခု ကပ်ရောဂါဖြစ်တော့ မနိုင်မနင်း ပိုဆိုးကုန်တယ်။ negative pressure အခန်းမရှိ။ အဆင်ပြေတဲ့နေရာမှာ ဖြစ်သလိုကြည့်ရတဲ့အတွက် hospital design ဟာလဲ ပြဿနာတစ်ခုဖြစ်တယ်။

PPE ဝတ်နည်း ချွတ်နည်း training ကောင်းကောင်းပေးဖို့လိုတယ်။ ဝတ်နည်း ချွတ်နည်း အောင်မြင်တဲ့ certificate course အမြဲရှိနေသင့်တယ်။ အခုက ဝတ်နည်း ချွတ်နည်းမှာ ချွတ်ယွင်းမှုရှိတာ ဖြစ်နိုင်တယ်။ အထူးသဖြင့် ဆေးရုံအလုပ်သမားတွေကို အဲ့လိုသင်တန်းပေးလေ့မရှိဘူး။ သူတို့က ဆရာဝန် ဆရာမ ပြောပြသလောက်နဲ့ အလုပ်လုပ်နေရသလို ဖြစ်နေတယ်။ ဒါကြောင့် ကူးစက်ခံရသူမှာလဲ သူတို့ အများဆုံးဖြစ်နေတယ်။ အလုပ်သမားဆိုတာ ဆေးရုံတွေမှာ ရှားပါးပစ္စည်း။ သူတို့မရှိလို့ မဖြစ်ဘူး။

N95 mask fitting test မလုပ်ပေးဘူး။ မလုပ်နိုင်ဘူး။ ဒါကလဲ mask failure ဖြစ်နေတဲ့ အချက်တစ်ခု ဖြစ်နေတယ်။ ဘာမှလဲ သိပ်မခက်ပဲနဲ့ အဲ့ဒီ mask fitting ကိစ္စကို မြန်မြန်လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။

Test kit ကို ပေးမစစ်တာဟာလဲ ဒုက္ခတစ်မျိုးဖြစ်တယ်။ လူနာက အဆောင်မှာ အကြာကြီးနေပြီးမှ positive မှန်းသိ။

Universal precautions ကို မလိုက်နာကြတာဟာလဲ ပြဿနာတစ်ခုလို့ထင်မိတယ်။

ဒီအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ မပြုန်းတီးရေးဟာ အရေးကြီးတဲ့အတွက် ဘာကြောင့် ဒီလောက် ရာနဲ့ချီကူးစက်ခံနေရတာလဲဆိုတဲ့ အကြောင်းကို မြန်မြန်ရှာပြီး မြန်မြန်ကာကွယ်သင့်ပါတယ်။

မြန်မာတွေ ကျော်မယ် ကျော်မယ် တကဲကဲလုပ်နေတဲ့ စင်ကာပူက ပိုးတွေ့သူသောင်းကျော်ကို ကိုင်တွယ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း တစ်ယောက်မှ လူနာဆီကနေ ကိုဗစ် အကူးမခံခဲ့ရဘူး။

သူတို့ဘာတွေ လုပ်လို့လဲ။ ကိုယ်က ဘာတွေ မလုပ်လို့လဲ။ ကိုယ့်ရဲ့ ရဲဘော်ရဲဖက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေကို လုံးဝမကူးစေချင်တဲ့ စေတနာပါ။ အပြစ်တင်လိုစိတ်မရှိ။ ဒါပေမယ့် ဖြစ်နေတဲ့ ပြဿနာကိုတော့ ရှာရမယ်။

အားလုံကို လေးစားဂုဏ်ယူပါတယ်။

Dr. Myo Thet Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page