ရန်ကုန်ကွမ်းယာဆိုင်များ မနက်ဖြန် ပိတ်ရမည် (မပိတ်ပါက ထောင် ၁ နှစ်ချနိုင်သည့် အမှုဖြင့် အရေးယူမည်)

ရန်ကုန်ကွမ်းယာဆိုင်များ မနက်ဖြန် ပိတ်ရမည် (မပိတ်ပါက ထောင် ၁ နှစ်ချနိုင်သည့် အမှုဖြင့် အရေးယူမည်)

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ ကွမ်းယာဆိုင်တွေကို မနက်ဖြန် စက်တင်ဘာလ(၂၄)ရက်ကစပြီး သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီအစီအစဉ်နဲ့ ပိတ်သိမ်းခိုင်းတော့မယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာတဲ့အတွက် တိုက်ရိုက်ထိတွေ့မှုတွေဖြစ်စေတဲ့ ကွမ်းယာဆိုင်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအစီအစဉ်နဲ့ ပိတ်သိမ်းမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပုဇွန်တောင်မြို့နယ်မှာတော့ မနက်ဖြန်ကစပြီးပိတ်ပါပြီ။ မြို့နယ်အနေနဲ့ လုပ်တာပါ။ ညွှန်ကြားချက်ကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တာကို ရည်ညွန်းပြီးတော့ လုပ်သင့်၊ လုပ်ထိုက်တယ်ထင်လို့လုပ်တာ။”လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ပြောပါတယ်။

စားသောက်ဆိုင်တွေနဲ့ လဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်ရောင်းချခွင့်ပြုထားချိန်မှာ ကွမ်းယာဆိုင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်(၆)ပေခြားဖို့ ခက်ခဲပြီး ကူးစက်မှုအန္တရာယ်ရှိနိုင်လို့ ပိတ်သိမ်းခိုင်းတာလို့ သိရပါတယ်။

“ပထမလှိုင်းတုန်းကတော့ ပိတ်ဖို့မပြောခဲ့ပေမဲ့ အခုကတော်တော်ဆိုးလာပြီ။ ကွမ်းယာဆိုင်က ဘယ်လောက်ပဲ ပါဆယ်ရောင်းရောင်း နှစ်ယောက်၊ သုံးယောက်လောက်လာတာနဲ့ စကားပြောဘာပြောနဲ့ စုမိနေတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ စည်ပင်ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲကနေလုပ်တာဖြစ်တယ်။”လို့ ဦးမြင့်မြတ်သူက ပြောပါတယ်။

ဒါ့အပြင် တာမွေမြို့နယ်မှာလည်း လမ်းဘေးမှာရောင်းချနေတဲ့ ကွမ်းယာဆိုင်တွေကို မနက်ဖြန်ကစပြီး ပိတ်သိမ်းခိုင်းတော့မှာဖြစ်သလို မပိတ်တဲ့ဆိုင်တွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမယ်လို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောပါတယ်။

“မနက်ဖြန်ပိတ်ဖို့အတွက် အခုနှိုးဆော်တာတွေလုပ်တော့မှာပါ။ ကွမ်းယာဆိုင်၊ ပြင်ပကလာရောင်းတဲ့ လမ်းဘေးဈေးသည်တွေကို ပိတ်သိမ်းသွားမှာပါ။”လို့ ဦးအောင်မျိုးလင်းက ပြောပါတယ်။ ဒါ့အပြင် ပြည်သူက သတင်းပေးတိုင်ကြားရင်လည်း သွားရောက်သိမ်းဆည်းအရေးယူသွားမယ်လို့ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ပိတ်သိမ်းခိုင်းတာမျိုးမရှိဘဲ နေ့လည်(၁၂)နာရီအထိ ဈေးရောင်းချခွင့်ပြုထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ အခုအချိန်မှာတော့ ရန်ကုန်မှာ ကိုဗစ်လူနာအယောက်(၄၀၀၀)ကျော်ရှိနေပြီး သေဆုံးသူအယောက် (၁၀၀)ကျော်မှာလည်း ရန်ကုန်က အများဆုံးဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page