တရုတ်ကို ကျွဲ၊ နွား အရှင်များ တရားဝင် တင်ပို့နိုင်တော့မည်

တရုတ်ကို ကျွဲ၊ နွား အရှင်များ တရားဝင် တင်ပို့နိုင်တော့မည်

မြန်မာနိုင်ငံဘက်က ကျန်းမာရေးထောက်ခံချက်များနှင့်အညီ ကျွဲ၊ နွားများကို ယခင် ၂၀၁၇ ခုနှစ်မှ စတင်ပြီး မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက် သို့ တရားဝင် တင်ပို့လျက်ရှိရာ ကိုဗစ် ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်မှ လာရောက်ဝယ်ယူမှု မရှိသည့်အတွက် ကျွဲ၊ နွားနှင့် ဆိတ်အရှင်အပါအဝင် စုစုပေါင်း ၁ သောင်းခွဲကျော် မူဆယ်မြို့နှင့် (၁၀၅) မိုင်ကြား၊ နွားကွင်း၌ သောင်တင်ပိတ်မိနေကြောင်း ကျွဲ၊ နွားကုန်သည်များထံမှ သိရပါတယ်။

ကျွဲ၊ နွားနှင့် ဆိတ်အရှင်များ ရက်ကြာသောင်တင်နေမှုကြောင့် ကျွဲ၊ နွားကုန်သည်များက ကျွေးမွေး၊ စောင့်ရှောက်စရိတ် မတတ်နိုင်တော့ဘဲ ပြည်တွင်းဘက်ကို ပြန်သယ်ဆောင်ရန် မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်ပြမှုများရှိလာကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများ ခွာနာ၊ လျှာနာရောဂါ ကင်းစင်ကြောင်း စီစဉ်ဆောင်ရွက်မှု အခြေအနေများကို GACC အဖွဲ့များက တရားဝင် လာရောက်စစ်ဆေး ပေးမည်ဟု သိရပါတယ်။

လာရောက်စစ်ဆေးပြီးနောက် နှစ်နိုင်ငံ PRO လက်မှတ်အောင်မြင်စွာ ရေးထိုးပြီး ကျွဲ၊ နွား တင်ပို့မှုကို မြန်မာနိုင်ငံဘက်က တရားဝင်ပို့ကုန်/ တရုတ်နိုင်ငံဘက်က တရားဝင် သွင်းကုန်ဖြစ်လာမည်ဟု (၁၀၅)မိုင်၊ ကုန်သွယ်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး ဉီးမင်းအောင်အေး က ပြောကြားပါတယ်။

“လာမယ့်(၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဝင် တင်ပို့မှု အဖြစ် ရောက်ရှိလာတော့မယ်၊ ကျွဲ၊ နွားတွေ တရုတ်နိုင်ငံဘက်ကို တရားဝင်သွင်းကုန်အဖြစ် မကြာခင် ကာလမှာ တင်ပို့ခွင့်ရရှိတော့မှာဖြစ်တဲ့ အတွက် ကျွဲ၊ နွားကုန်သည်တွေအနေနဲ့ ပြန်လည် သုံးသပ်စေချင်တယ်လို့” ပြောကြားပါတယ်။

ပြည်တွင်းဘက်တွင် ကျွေး၊ မွေး စောင့်ရှောက်စရိတ် ပိုမိုသက်သာခြင်းကြောင့် မူဆယ် (၁၀၅) မိုင်ကြား ၌ သောင်တင်နေသည့် ကျွဲ၊ နွားများကို ပြန်သယ်ဆောင်လိုခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page