အိန္ဒိယတွင် အမျိုးအမည်မသိ ထူးဆန်းသော ရောဂါတခု ကူးစက်ပျံ့နှံ့၊ တဦးသေဆုံးပြီး ၃၀၀ ကျော် ဆေးရုံတင်ထားရ

အိန္ဒိယနိုင်ငံ အလယ်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် အူလူရူမြို့မှာ စနေနေ့က စပြီး ထူးဆန်းတဲ့ ရောဂါတရပ် ကူးစက်ပျံ့ နှံ့နေလို့ ၂ ရက်လောက် ရောဂါလက္ခဏာ ပြပြီးတဲ့နောက်ပိုင်း လူ ၁ ယောက် သေဆုံးပြီး လူရာချီ ဆေးရုံတင်ကုသခဲ့ရပါတယ်။

စနေနေ့က စပြီး လူ ၄၅ ယောက်လောက် ရုတ်တရက် သတိလစ်တာ၊ ပါးစပ်က အမြုပ်ထွက်တာနဲ့ တကိုယ်လုံး တုန်ခါတာတွေစတဲ့ ထူးခြားတဲ့ လက္ခဏာတွေ ပြခဲ့တယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကလေး ၄၆ ယောက် နဲ့ အမျိုးသမီး အယောက် ၇၀ အပါအဝင် လူ အယောက် ၃၀၀ လောက် ဆေးရုံတင်ခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။

ကလေးတချို့က မျက်စိနာပြီး အော့အန်ခဲ့ကြတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။ “ဆေးရုံတင် ကုသခံယူဆဲ လူ ၁ ယောက် သေဆုံးပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေ ကောက်ချက် မချနိုင်သေးပါဘူး။ ဒီလိုဖြစ်ရပ်မျိုးကို ဆရာဝန်လုပ်သက် ၂၅ နှစ်အတွင်း မကြုံဖူးဘူး” လို့ ဒေါက်တာ ဆုရှစီနီ ခရစ်ရှ်နာ က ပြောပါတယ်။

လူနာတွေရဲ့ ကျောရိုးမကြီးထဲက အရည်နမူနာကို ဓာတ်ခွဲခန်းဆီ ပေးပို့စစ်ဆေး ထားပါတယ်။ လက္ခဏာတွေဟာ လေထုညစ်ညမ်းမှုကြောင့်လား၊ ညစ်ညမ်း နွားနို့ကြောင့်လားဆိုတာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မနှစ်ကလည်း အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်က ဆင်းရဲတဲ့ ကျေးလက် မိသားစု အများ စုက ကလေးငယ် အယောက် ၁၁၀ ကျော်ဟာ ဦးနှောက်ရောဂါတမျိုးကြောင့် သေဆုံးခဲ့ ဖူးပါတယ်။ အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ကမ္ဘာ့ ဒုတိယအဆိုးဆုံး ခံစားနေရပြီး ကူးစက်ခံ ၉ ဒသမ ၅၇သန်း ကျော် ရှိပြီး ကူးစက်ခံ ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ပြီးပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page