အလုပ်သမား ၈၀၀၀ ကျော်ရှိသည့် လှိုင်သာယာ ဖိနပ်စက်ရုံ ဝန်ထမ်းတဦး ကူးစက်ခံရ

အလုပ်သမား ၈၀၀၀ ကျော်ရှိသည့် လှိုင်သာယာ ဖိနပ်စက်ရုံ ဝန်ထမ်းတဦး ကူးစက်ခံရ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ချန်းရီဖိနပ်စက်ရုံရှိ အလုပ်သမားတစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်နေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်ကနေ သိရပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အပြင်ပဒံကျေးရွာ ဆိပ်ကမ်းသာလမ်းရှိ အဆိုပါ ချန်းရီစက်ရုံ တွင် အလုပ်သမားဝန်ထမ်းဦးရေ (၈၀၀၀) ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျှက်ရှိကြောင်း သိရပါတယ်။

၎င်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် တွံ့တေးမြို့နယ်၊ ထိန်ကုန်းကျေးရွာနေထိုင်သူ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးမှာ စက်တင်ဘာ ၁၈ ရက်နေ့က အလုပ်မှ ပြန်လာပြီး နေအိမ်အရောက်၌ ကျန်းမာရေးမကောင်း သဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ပြသကုသခဲ့ရာ ၎င်း၏ နှာခေါင်းတို့ဖတ် ရယူစစ်ဆေး ခဲ့ရာမှ စက်တင်ဘာ ၂၀ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။

အဆိုပါ ချန်းရီ ဖိနပ်စက်ရုံသည် ပထမ ကိုရိုနာဗိုင်းရပ်စ် လှိုင်းက ရောဂါပိုးကူးဆက်ခံရတဲ့လူနာအမှတ် ၁၄၄ လုပ်ကိုင်ခဲ့တဲ့ စက်ရုံလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း ဖြစ်ပေါ်စဉ်က ရန်ကုန်တိုင်းရှိ စက်ရုံ/အလုပ်ရုံများအနက် ၎င်းချန်းရီ စက်ရုံ တစ်ရုံတည်းကပဲ ပိုးတွေ့လူနာလုပ်ကိုင်ခဲ့တဲ့ စက်ရုံအဖြစ် ပေါ်ထွက်ခဲ့ကြောင်းလည်း သိရပါတယ်။

လှိုင်သာယာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ရက်နေ့မှ စက်တင်ဘာ ၂၀ရက်နေ့ထိ ထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ (၁၅၃)ဦးရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရသူ (၅၈၀၅)ဦး၊ သေဆုံးသူ (၉၄)ဦး၊ ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ (၁၂၆၀)ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မြင့်အောင်(လှိုင်သာယာ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page