ကိုဗစ်စစ်တာ ကြောက်နေကြတဲ့သူများအတွက် ကိုဗစ် စစ်ဆေးနည်းအကြောင်း အပြည့်အစုံ
မနက်က ဒေါက်တာဒေါ်ခင်ခင်ကြီးရဲ့ အင်တာဗျူးကို နားထောင်လိုက်ရပါတယ်။ မြန်မာပြည်မှာ လုပ်ဆောင်နေတာတွေက တကယ့်အားရစရာပါ။ အဲဒီမှာ ဒေါက်တာပြောတဲ့စကားတစ်ခုကို သတိပြုမိပါတယ်။ တချို့က စစ်ဆေးတာက ဘယ်လိုနာတယ်ဆိုပြီးအရမ်းပြောကြတော့ သူများတွေ ကြောက်ကုန်ကြတယ်ဆိုတဲ့အချက်ပါ။ ဒီလိုဆိုရင်တော့ ကျမမှာ အပြစ်ရှိတယ်ပြောရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့သော လေးလလောက်ကထင်ပါတယ်။ ကိုဗစ်ပထမဆုံး စစ်ဆေးခံခဲ့တာ။ ဒီတုန်းက နာကျင်ကြောင်း ပို့စ်ရေးတင်ခဲ့ပါတယ်။ သို့ပေမယ့် ကျမရေးတင်ခဲ့တာ တပါးသူများကို ထိတ်လှန့်လိုစိတ်မရှိပါ။ ကိုယ့်လက်တွေ့ကို မျှဝေခြင်းသာ။
တချို့ကလည်း… ငါလည်း စစ်ခံတာပဲ၊ နာချင်တာတောင် မနာလိုက်ရဘူး။ ဘယ်လိုနာသွားလဲဆိုတာ နားမလည်ဘူး ဆိုတာတွေကြားရပါတယ်။ အဲဒီလိုတွေကြားရတော့ ပြောချင်တာလေး ပြောပြချင်တယ်။
ပထမအချက်က ကိုဗစ်စစ်ဆေးရာမှာ အသုံးပြုတဲ့ Test Kit တွေမတူဘူး။ မတူတဲ့ test kit ပေါ်မူတည်ပြီး sample ယူခြင်းကလည်း ကွဲပြားပါတယ်။ throat swabလို့ခေါ်တဲ့ အာခေါင်မှရယူခြင်း၊ nasal swab လို့ခေါ်တဲ့ နှာခေါင်း မှ ရယူခြင်း နဲ့ nasaopharyngeal swab လို့ခေါ်တဲ့ နှာခေါင်းရင်း/ နှာစောက်မှ ရယူခြင်းဆိုပြီး သုံးခုအကြမ်းဖျင်း ရှိပါတယ်။
အဲဒီသုံးခုမှာ nasaopharyngeal swab က most invasive (အတွင်းကျဆုံး) ဖြစ်ပါတယ်။ ဆရာဝန်များက ဒီ နည်းစနစ်က စိတ်အချရဆုံးလို့လည်း ဆိုကြပါတယ်။ သူ့ကိုအရိုးရှင်းဆုံးရှင်းပြရရင် နှာခေါင်းပေါက်ကနေ နှာခေါင်းရင်းအထိ တို့ဖတ်ကိုထည့်ရပါတယ်။ နှာခေါင်းရင်းမှာရှိတဲ့ ဝါကျင့်ကျင့်အရည်ကိုယူပါတယ်။ မှန်မှန်ကန်ကန်လုပ်ရင် နှာမွှန်၊ နှာပူမယ်။ မျက်ရည်ပူကျမယ်။ ရေမွှန်းသလိုဖြစ်မယ်။ သွေးထွက်တယ်ဆိုတာကတော့ လူတိုင်းမဟုတ်ပါ။ မတူညီတဲ့ ခန္ဓာဖွဲ့စည်းမှုအပြင် တို့ဖတ်ယူသူအပေါ်လည်း မူတည်မယ်ထင်ပါတယ်။ ကျမနာတယ်လို့ ပြောခဲ့တုန်းက ဒီလိုစစ်ဆေးခံခဲ့ရတာပါ။
Nasal swab ကတော့ အသုံးအများဆုံးလို့ကို ပြောရပါလိမ့်မယ်။ သူက နှာခေါင်းအဝကနေ အလယ်မရောက်တရောက်ပဲ ဆိုတော့ မနာမကျင်ပါ။ နှာခေါင်းကို ကလိလိုက်လို့ နှာချေချင်တာလောက်ပဲ ဖြစ်တတ်ပါတယ်။ အခုကျမတို့မှာလက်ရှိသုံနေတဲ့ နည်းပါ။ ကျမတို့ဆီက လူနာအတော်များများက လူကြီးပိုင်းများဆိုတော့ ဒီ nasal swab သုံးကတည်းက အစစ်မခံဘူးပြောတဲ့လူနာ အတော်ရှားလာတာ တွေ့ရပါတယ်။
Throat swab ကတော့ အထူးတလည်ပြောစရာမရှိပါ။ နာကျင်ခြင်းမရှိတဲ့ နောက်ထပ်စစ်ဆေးနည်းပါ။ တို့ဖတ်က လည်ချောင်းထဲရောက်သွားတဲ့အခါ ချောင်းဆိုးချင်လာမယ်။ ဒီလောက်ပါပဲ။
နောက်တစ်ခုကတော့ အနာခံနိုင်ခြင်း (Pain Tolerence/ Pain threshold) ကလည်း တစ်ဦးနဲ့တစ်ဦးမတူပါ။ လူတစ်ဦးတစ်ယောက်အတွက် ဆီပေါက်ပြီးအပူလောင်တာက ဘာမှမဖြစ်သလောက် နောက်လူတစ်ယောက်အတွက်က ပူစပ်ပူလောင်နဲ့ နေမထိထိုင်မသာ ဖြစ်ရတဲ့ သဘောပေါ့။ အဲဒီတော့ ကျမ နာလို့ ရှင်လည်းနာမယ်ဆိုတာတော့ မဟုတ်ပါ။ နှာစောက်ကနေ ယူပေမယ့်လည်း လုံးဝမနာတာလည်း ဖြစ်နိုင်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ကျမတို့ အာရှသားများရဲ့ နာကျင်မှုကိုခံနိုင်ခြင်းစွမ်းအားက မြင့်တယ်လို့ပြောကြပါတယ်။ ပြီးတော့ ယောကျာ်းတွေက မိန်းမများထက် အနာပိုခံနိုင်တယ်လို့လည်း စစ်တမ်းများကဆိုပါတယ်။
သို့ပေမယ့်လည်း ဘယ်လိုနာသည် မနာသည်ဖြစ်စေ၊ စစ်ဆေးစရာရှိတာတော့ စစ်ဆေးခံဖို့တိုက်တွန်းပါရစေ။ ကိုယ့်ရဲ့ တစ်မိနစ်မျှသော နာကျင်ခြင်းက တစ်သက်တာရောဂါကာကွယ်မှုအတွက်ဖြစ်စေမယ်ဆိုရင် အဲဒီအနာက မပြောပလောက်ပါ။
အဲဒီတော့ စစ်ရမယ်ဆိုရင် မပျက်မကွက်စစ်ခံကြဖို့ တိုက်တွန်းပါရစေ။
Decem Moe