တရုတ်ထုတ် ကိုဗစ်စစ် ကိရိယာများဖြင့် အိမ်တိုင်ရာရောက် တရားမဝင်စစ်ပေးနေတဲ့ ဆရာဝန်ကို ဖမ်းဆီး

တရုတ်ထုတ် ကိုဗစ်စစ် ကိရိယာများဖြင့် အိမ်တိုင်ရာရောက် တရားမဝင်စစ်ပေးနေတဲ့ ဆရာဝန်ကို ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထောက်ခံချက်မရှိသော Test Kit များဖြင့် လူတဦးလျှင် ကျပ်ငွေ ၆၀၀၀၀ ယူကာ အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးသူ ဆရာဝန် (စိစစ်ဆဲ) တဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးက အသွင်ယူ ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

တရုတ်နိုင်ငံထုတ် test kit ဖြင့် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးရာတွင် စစ်ဆေးပေးသူအား ဖုန်းဖြင့်ဆက်သွယ်၍ နေရပ်လိပ်စာအတိအကျပြော၍ခေါ်ယူရပြီး ဘယ်နှစ်ဦးစစ်ဆေးမည်ကို ကြို၍စာရင်းပေးရကြောင်း ၊ လာရောက်စစ်ဆေးပေးသည့်အခါတွင်လည်း PPE ဝတ်စုံဝတ်ဆင်ခြင်းမရှိကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ဇင်မင်းမင်းလတ်က ပြောပါတယ်။

“ဒီကိစ္စက ကုမ္ပဏီဝန်ထမ်းတဦးပေါ့နော် သူက အဲဒီအိမ်တိုင်ရာရောက် ကိုဗစ်စစ်ဆေးပေးတဲ့သူကိုဖုန်းဆက်ပြီး စစ်ဆေးတာပေါ့။ အဲမှာ ရောဂါပိုးတွေ့တော့ မြို့နယ်ကျန်းမာရေးဌာနကိုလာပြီး သူ့မှာ ကိုဗစ်ကူးစက်ခံနေရပြီ ဘယ်လိုလုပ်ရမလဲမေးမြန်းတဲ့အခါ။ ကျွန်မတို့က ဘယ်မှာစစ်တာလဲ ဘာလဲမေးတော့မှ သိရတာပါ။ နောက်သူ့ကိုစစ်ဆေးပေးတဲ့ test kit တွေကလည်း တရုတ်နိုင်ငံထုတ်တွေ၊ WHO ထောက်ခံချက်ရထားတာတွေ မဟုတ်ဘူး”ဟု ဒေါက်တာဒေါ်ဇင်မင်းမင်းလတ်က ပြောပါတယ်။

ထို့ကြောင့် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ကိုဗစ်ရောဂါပိုး ရှိ မရှိ အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးသူထံ ဆက်သွယ်၍ အလုပ်သမားများအတွက် လာရောက်စစ်ဆေးပေးပါရန် အသွင်ယူဆက်သွယ်ပြီး လာရောက်စစ်ဆေးသည့်အခါတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

“သူက test kit နဲ့စစ်တဲ့အခါ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကိုပဲ ယူတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကိုဗစ်ဌာနနဲ့ သင်တန်းပေးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် စစ်တာမဟုတ်ဘူး။ ဒါကြောင့် အန္တရာယ်အရမ်းများပါတယ်။ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ဖေ့ဘုတ် ကတဆင့် ကြော်ငြာနေတာတွေ၊ သတင်းဖြန့်နေတာတွေက ကိုဗစ်ကာလမှာ ပြည်သူတွေအတွက် ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်နေတာတွေကို တရားစွဲအရေးယူတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

လက်ရှိတွင် အဆိုပါ ဆရာဝန်အား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ၎င်းနှင့်ဆက်နွယ်သည်အဖွဲ့အစည်းများ၊ ဆရာဝန်လက်မှတ်ကိုင်ဆောင်ထားသူ ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page