ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးများ ပေါ်လာပါက မြန်မြန်ရောက်ရန် စီစဥ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးများ ပေါ်လာပါက မြန်မြန်ရောက်ရန် စီစဥ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်နှင့် လိုအပ်ချက်များအတွက် အသုံးပြုရန် ဘီလီယံ (၁၀၀၀)ကျော် ပြင်ဆင်ထားကြောင်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာ (၂၁)ရက် ညပိုင်းက ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်ပါတယ်။

“ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့အနေနဲ့ အထွေထွေပိုလျှံငွေပေါ့။ ဒါဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ တစ်ထောင်ကျော်။ တစ်ဘီလီယံ ဆိုတာကတော့ သန်းတစ်ထောင်ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားပဲ။ ဘီလီယံတစ်ထောင်ကျော်ကို ကျွန်မတို့အနေဲ့ သဘာဝဘေး အန္တရာယ်အတွက်ဆိုပြီး အဲ့ဒါ ဒီဟာကို ကျွန်မတို့ သတ်မှတ်လိုက်ပါတယ်။ သဘာဝ ဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ ဆိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ ငွေဟာ ကိုဗစ်ရောဂါနဲ့ပဲ ပတ်သက်လို့ သုံးဖို့ပါ။ တခြား သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ သုံးဖို့မဟုတ်ပါဘူး။ တခြား သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ရင် အဲဒီ ရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်။ အခု ဘီလီယံ တစ်ထောင်ကျော် ရွှေ့ပြောင်းလိုက် တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ထို့အပြင် ကမ္ဘ့ာကပ်ရောဂါ ကိုဗစ်နှင့်ပတ်သက်၍ အချို့နိုင်ငံများတွင် ရောဂါကာကွယ်ဆေး၊ အချို့နိုင်ငံများတွင် ကုသဆေးများ ထုတ်လုပ်နေသလို အချို့နိုင်ငံများတွင် ဆေးနှစ်မျိုးစလုံး ထုတ်လုပ်နေရန် ကြိုးပမ်းနေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုသို့ ကာကွယ်ဆေး၊ ကုသဆေးများ ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိသော်လည်း ဆေးများ ပေါ်ပေါက်လာပါက မြန်မြန်ရောက်ရှိလာစေရန် စီစဉ်နေသည်ဟု ၎င်းက ဆိုပါတယ်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့အခြေအနေ နောက်ပြီးတော့ ကုသဆေး ထုတ်လုပ်နိုင်တဲ့ အခြေအနေလည်း မရှိပေမယ့် ဒီလိုဆေးတွေ ပေါ်လာတာနဲ့အမျှ အချိန်နဲ့တပြေးညီ ကျွန်မတို့နိုင်ငံကို မြန်နိုင်သလောက်မြန်မြန်ကို ရောက်နိုင်အောင်လို့ ဆိုပြီး ကျွန်မတို့ အခုကတည်းက နေပြီးတော့ စီစဉ်နေပါတယ်။ ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဋ္ဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဋ္ဌာနကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်နေတဲ့နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျွန်မတို့အနေနဲ့ မြန်မြန်ရနိုင်ဖို့ အလားအလာရှိသလဲ။ အကယ်၍ ဒီဆေးတွေဟာ အောင်မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့် မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဋ္ဌာနက ကြည့်ပြီးစမ်းသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျွန်မတို့လည်း မသေချာဘဲနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေကိုအပေါ်မှာ ဒီဆေးတွေကို မသုံးပါဘူး” ဟု ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်နေရသည်မှာ ခြောက်လကျော် ကြာမြင့်လာပြီဖြစ်ပြီး အဆိုပါရောဂါကိုဖြတ်ကျော်ရာတွင် သတ္တိရှိရှိ ဇွဲရှိရှိဖြင့် လုပ်စေချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပါတယ်။

ယနေ့ စက်တင်ဘာ(၂၁) ရက်၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆,၁၅၁) ဦးရှိပြီ ဖြစ်ပြီး ၎င်းတို့အနက် ရောဂါသက်သာပျောက်ကင်းသူ (၁,၄၄၅) ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သေဆုံးသူ (၉၈)ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page