ကိုဗစ်ပြီးမယ့်ကာလနဲ့ ကိုဗစ်ရှေ့တန်းမှာ လတ်တလော ကျင့်သုံးရမယ့် နည်းဗျူဟာ
ကိုဗစ်ကြီးက ဘယ်တော့ပြီးမှာလဲ။ တော်တော်အဖြေရ ကျပ်တဲ့ မေးခွန်းပဲဗျ။ ဒါပေမယ့် ရှင်းရှင်းလေး စဉ်းစားကြည့်လို့တော့လဲ ရပါတယ်။
၁။ ကာကွယ်ဆေး ပေါ်တဲ့အခါ
ကာကွယ်ဆေးက ပေါ်မယ်လို့တော့ ခန့်မှန်းရပါတယ်။ လောလောဆယ် တီထွင်နေတဲ့ ကာကွယ်ဆေး ဒါဇင်နဲ့ချီပြီး ရှိပါတယ်။ အားလုံးနီးပါးက Phase 3 trial လို့ခေါ်တဲ့ လူအမြားအပြားနဲ့ စမ်းသပ်တဲ့ အဆင့်ကိုတော့ ရောက်နေပါပြီ။ ပြောရရင် လက်တကမ်း အလိုပေါ့။
ရုရှကတော့ အရင်ဦးအောင် ထုတ်တယ်။ ဒါပေမယ့် စမ်းသပ်ထားတဲ့ လူဦးရေနည်းလို့ ဘယ်သူမှ မယုံဘူးဖြစ်နေတယ်။ တရုတ် ကာကွယ်ဆေးလဲ အခုစမ်းနေတယ်။ အောက်စဖို့ကဟာလဲ အခြေအနေကောင်းတယ် ပြောတယ်။
ကာကွယ်ဆေးက ရှေ့နှစ်မှာ ပေါ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံအားလုံးက ကာကွယ်ဆေးကို လုနေတယ်။ မထွက်ခင် သုတေသနလုပ်ကတဲက ပိုက်ဆံကြိုပေးထားတဲ့ ချမ်းသာတဲ့ နိုင်ငံတွေ အရင်ရမယ်။ ကိုယ့်ဆီရောက်ဖို့က ထပ်ကြာအုန်းမယ်။
မြန်မာပြည်ကို ကာကွယ်ဆေးရောက်ခဲ့ရင် ဘယ်သူစရမလဲဆိုတော့ ပိုက်ဆံတတ်နိုင်လို့ ကိုယ့်ဟာကိုယ်ဝယ်ထိုးနိုင်တဲ့ လူတန်းစားရယ်၊ အစိုးရက ဆေးစရခဲ့ရင် High Risk Groupလို့ခေါ်တဲ့ကျန်းမာရေးဝန်ထမ်းတွေပဲ စရမယ့် သဘောရှိတယ်။
ဆိုလိုတာက အနည်းဆုံ တစ်နှစ် နှစ်နှစ် ကြာနိုင်တယ်။ တနိုင်ငံလုံး လွမ်းခြုံနိုင်ဖို့ဆို နှစ်အနည်းငယ်အထိ ကြာနိုင်တယ်။ တကမ္ဘာလုံး ကာကွယ်ဆေးလွှမ်းခြုံနိုင်ဖို့ဆို နှစ်နဲ့ချီကြာအုန်းမယ်။ အဲ့ဒီကျရင် ကိုဗစ် ပြီးမယ်။
(၂) Herd Immunity ရတဲ့အခါ
Herd immunity လို့ခေါ်တဲ့ လူအများကြီး ကူးစက်ခံရပြီး လူအများစုမှာ သဘာဝ ကိုယ်ခံစွမ်းအားပေါ်လာခဲ့ အခါမှာ ကိုဗစ်ပြီးသွားနိုင်တယ်။ Herd Immunity ရဖို့ လူဦးရေရဲ့ ၆၀% ကနေ ၇၀% ကိုဗစ်ကူးစက် ခံရပြီးမှ ရနိုင်မယ်။ High Risk Group အသက်ကြီးသူတွေကိုတော့ ဆုံးရှုံရနိုင်ခြေများမယ်။ Herd Immunity ရဖို့ဆိုတာ အချိန်အများကြီးကြာတယ်။
(၃)ဗိုင်းရပ်စ်ရဲ့ သဘာဝပြောင်းလဲသွားတဲ့အခါ
Mutation လို့ခေါ်တဲ့ ဗိုင်းရပ်စ်ဟာ အမြဲပြောင်းလဲနေတယ်။ ပိုလဲဆိုးလာနိုင်သလို သိပ်အန္တရာယ်မပေးနိုင်တဲ့ အကောင်းဖက်ကိုလဲ ပြောင်းလဲသွားနိုင်တယ်။ ခက်တာက ဘယ်တော့ပြောင်းမလဲ ဘယ်လိုပြောင်းမလဲ ဘယ်သူမှ မသိဘူး။ တကယ်လို့ အကောင်းဖက်ကို ပြောင်းလဲခဲ့ပြီး မပြင်းထန်တော့ဘူးဆိုရင် ကိုဗစ်ဟာ သာမန်တုပ်ကွေးတစ်ခုလိုပဲ ပြီးသွားနိုင်တယ်။ ဒါပေမယ့် မသေချာဘူး။
အဲ့တော့ဘယ်လိုလုပ်ကြမလဲ။ အားလုံးသော ပြီးဆုံးနည်းတွေက ကိုဗစ်ပြီးဖို့ နှစ်နဲ့ချီ ကြာအုန်းမယ်ဆိုတာ သေချာတယ်။ Containment Strategy လို့ဆိုတဲ့ ရောဂါဖြစ်သူတွေနဲ့ ထိတွေ့သူတွေကို ထိန်းချုပ်ထားရေးဆိုတဲ့ မဟာဗျူဟာ တစ်ခုထဲဟာ မလုံလောက်ဘူး။ အခုအထိလဲ ဘယ်နိုင်ငံမှာမှ အောင်အောင်မြင်မြင်မထိမ်းချုပ်နိုင်သေးဘူး။ နည်းသွားလိုက် ပြန်ပေါ်လိုက်နဲ့ သံသရာ လည်နေတုန်းပဲ။
ကျွန်တော့် အမြင်က
ရောဂါရှိသူကိုလဲ ထိမ်းချုပ်ရမယ်။ ဒါပေမယ့် ဝန်နဲ့အားမျှတတဲ့ ပေါ်လစီဖြစ်ရမယ်။ အကုန်တင် အကုန်Q ဆိုတာ မဖြစ်နိုင်ဘူး။ ရေရှည်သွားရမှာ ဖြစ်တဲ့အတွက် ပိုလို့မဖြစ်နိုင်ဘူး။ အသေအချာရွေးချယ်ရေးဟာ အဓိကကျတယ်။
ထိန်းချုပ်နေတုန်း စီးပွါးရေးကို ပစ်ထားရပ်ထားလို့ မရနိုင်ဘူး။ ဖွင့်ရမယ်။ အထူးသဖြင့် လူတွေမှာ တနေ့လုပ်တနေ့စား ဖြစ်နေတဲ့အတွက် စီးပွါးရေးလည်ပတ်အောင် ကြိုးစားရမယ်။ ပထမတခါ ဧပြီ သင်္ကြန်ကာလဖြစ်တဲ့အတွက် လူတွေသက်သာသွားတယ်။ ဒီတခေါက် အရမ်းပိုထိတယ်။ နောက်တခါ ထပ် လော့ဒေါင်းရင် ဒီထက်ပိုအထိနာမယ်။ ဒီအတွက် Containment Strategy ကို ချတဲ့နေရာမှာ စီးပွါးရေးလုပ်ငန်းနဲ့ လူတွေရဲ့ဘဝ ထိခိုက်မှု အနည်းဆုံဖြစ်အောင် အသေအချာ စိစစ်ပြီး တကယ် Q သင့်သူကို တကယ်ပိတ်သင့်တဲ့ဟာကိုပဲ ပိတ်မှဖြစ်မယ်။ ထစ်ကနဲရှိ Q ထစ်ကနဲရှိ လော့ဒေါင်း ချဆိုရင် လူတွေ မခံနိုင်တော့ဘူး။
အခု အားသွန်ခွန်စိုက် အဓိကလုပ်သင့်တာကလူတွေ စည်းကမ်းရှိအောင် Mask တပ်ရအောင် လုပ်ရမယ်။ ဆော်ဩလို့မရဘူး။ မေတ္တာရပ်ခံနေလို့မရဘူး။ ဥပဒေနဲ့ ထိမ်းချုပ်ကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန် ကျပ်ကျပ်မတ်မတ် ဒဏ်ရိုက်ဖို့လိုတယ်။ ရဲတွေ အလုပ်ရှုပ်နေရင် ပြည်သူအချင်းချင်းတာဝန်ပေးရမယ်။ စင်ကာပူမှာဆို Social Distancing Ambassador ဆိုပြီး အရပ်သားတွေကိုတာဝန်ပေးတယ်။ ဒဏ်တပ်လို့ရတဲ့ ပိုက်ဆံနဲ့ သူတို့ကို လခပြန်ပေးတယ်။ မြန်မာပြည်မှာလဲ လုပ်လို့ရတယ်။ ဖုန်းတွေ ဒီလောက်လူတိုင်းမှာရှိတယ်။ Mask မတပ်တဲ့သူ ဖုန်းနဲ့ ဓါတ်ပုံရိုက်၊ သက်သေယူ၊ ပြီးမှ ဒဏ်တပ်။ သက်သေမရှိရင် ရန်ဖြစ်မယ်။ အရံမီးသတ်၊ ကြက်ခြေနီ ဒါမျိုးတာဝန်ပေးလို့ရတယ်။ Mask မတပ် ထောင်ချမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ အပိုတွေ မလုပ်နဲ့။ ထောင်ဝန်ပိတယ်။ လက်တွေ့လဲ မကျဘူး။ ဒဏ်သာ သေချာများများတပ်။
လူတွေ Mask မတပ်တာကို လွှတ်ထားပြီး ကြိုက်သလောက် containment လုပ်။ နည်းသွား ခဏပဲ။ နှစ်လ သုံလနေရင် ပြန်ပွါးလာမှာပဲ။ ကိုဗစ် ကို တစ်ယောက်မကျန် ရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အိတ်ပေါက်နဲ့ ဖားကောက် ဖြစ်နိုင်တယ်။
သွားသင့်တဲ့ ဗျူဟာ အနှစ်ချုပ်က
Containment ကို ဘုံဘောလအောမဟုတ်ဘဲ စနစ်တကျ အသေအချာ ရွေးချယ်ပြီးလုပ်။ လူတွေ စီးပွါးမပျက်အောင်၊ ကျန်းမာရေးစနစ်လည်ပတ်အောင် Q ပေါ်လစီနဲ့ Lockdown ပေါ်လစီကိုပြောင်း ။ အိတ်ပေါက်ဖားကောက်မဖြစ်အောင် လူတွေ Mask တပ်အောင် အတိအကျ တင်းတင်းကျပ်ကျပ်ကိုင် ကိုဗစ်ပြီးဖို့က အဝေးကြီးလိုသေးတယ်။ မာရသွန်မှာ အင်အားမချွေတာပဲ မီတာ၁၀၀ ဒုန်းဆိုင်းသလိုပြေးရင် ခဏလေး အမောဖေါက်၊ ခြေခေါက်လဲသွားမယ်။ အဆိုးမြင်နေတာမဟုတ်ဘူးနော်။ ဒါပေမယ့် အဆိုးဆုံအတွက် ပြင်ဆင်ရမယ်။ ဒါမှ အန္တရာယ်ကင်းမယ်။
Dr Myo Thet Aung