ယခုရက်ပိုင်းတွင် ကိုဗစ်လူနာများ ပိုတွေ့လာမည်ဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ပြောကြား
ယခုရက်ပိုင်းတွင် ကိုဗစ်လူနာများ ပိုတွေ့လာမည်ဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ပြောကြား
မြန်မာနိုင်ငံ၌ ကိုဗစ် ဓာတ်ခွဲစစ်ဆေးမှုများကို Cobas 6800 စက်များ၊ RT PRC စက်များ၊ GeneXpert စက်များနှင့် စစ်ဆေးခြင်းအပြင် Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိသည့်အတွက် ယခုရက်ပိုင်းတွင် ရောဂါပိုးရှိသူအရေအတွက် ပိုမိုတွေ့ရှိလာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။
ယမန်နေ့ (အောက်တိုဘာ ၈ ရက်) တွင် Video conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ္။
ယင်းသို့အတည်ပြုလူနာအရေအတွက် ပိုမိုတွေ့ရှိလာမည်ဖြစ်သည့်အတွက် အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေခြင်းလုပ်ငန်းများ ပိုမိုထိရောက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ ရောဂါထိန်းချုပ်မှုများ ပိုမိုထိရောက်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။
လူနာများလွှဲပြောင်းပို့ဆောင်မှု၊ အသွားအလာကန့်သတ်ခံထားသူများအား စိစစ်ခွဲခြားသတ်မှတ်ထားရှိခြင်း၊ အသွားအလာကန့်သတ်ခံထားသူများနှင့် စောင့်ကြည့်လူနာများ၏အခြေအနေနှင့် ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုကုသမှုပေးခြင်း၊ အသွားအလာကန့်သတ်ရာနေရာ (quarantine site) များတွင် နာတာရှည်ရောဂါအခံရှိသူများအား ရောဂါအခြေအနေစောင့်ကြပ်ကြည့်ရှုခြင်းစသည့် လုပ်ငန်းအဆင့် (flowchart) များကို ပြုစုဖြန့်ဝေခြင်း၊ စောင့်ကြည့်လူနာများနှင့် အသွားအလာကန့်သတ်မှုခံထားသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အန္တရာယ်ရှိသည့် ရောဂါလက္ခဏာများနှင့် ထိုသို့ရောဂါလက္ခဏာတစ်မျိုးမျိုးဖြစ်ပွားပါက အကြောင်းကြားဆက်သွယ်ရမည့်သူ စသည့်အချက်အလက်များကို ၎င်းတို့ထံ ဖြန့်ဝေထားခြင်း၊ ဓာတ်ခွဲအဖြေများ အချိန်မီရရှိခြင်း၊ ကုသမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ အချိန်နှင့်တစ်ပြေးညီချမှတ်ခြင်းနှင့် ကုသမှုပိုင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများအား လူနာများအား ကုသမှုပေးနေသူများထံ ဖြန့်ဝေခြင်းတို့သည် အထူးအရေးကြီးကြောင်း ၎င်းကပြောပါတယ်။
ထို့အပြင် အောက်ဆီဂျင်မပြတ်လပ်စေရေးအတွက် ဆေးရုံများတွင် ပိုက်လိုင်းများတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်ထုတ်လုပ်သူများနှင့် ကြိုတင်စာချုပ်ချုပ်ဆို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဆေးရုံများတွင် ကြတ်မတ်ကုသရန်လိုအပ်သူများအတွက် High Dependency Unit များနှင့် အထူးကြပ်မတ်ကုသဆောင်များ တိုးချဲ့ပြင်ဆင်နေခြင်းသည် ကောင်းမွန်ပြီး လိုအပ်သည့် ပံ့ပိုးမှုများအား ချက်ချင်းတောင်းခံရန်ဖြစ်ပြီး ချက်ချင်းပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၈ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၂၂,၄၄၅ ဦးရှိပြီး သေဆုံးသူ ၅၃၅ ဦး ရှိပြီဖြစ်ပါတယ်။