ကိုဗစ်ကို ထိန်းဖို့ လိုအပ်နေတဲ့ အရာ နှစ်ခုနဲ့ လောလောဆယ် အရင်ဦးဆုံး ထူထောင်ရမယ့် ကိစ္စ

ကိုဗစ်ကို ထိန်းဖို့ လိုအပ်နေတဲ့ အရာ နှစ်ခုနဲ့ လောလောဆယ် အရင်ဦးဆုံး ထူထောင်ရမယ့် ကိစ္စ

အကြမ်းမျဥ်းပြောရရင် ကျွန်တော်တို့နိုင်ငံမှာ လူတန်းစား နှစ်ရပ် ကွဲထွက်နေတယ်။

ပထမ လူတန်းစားက ကိုဗစ်ကို တကယ် နက်နက်ရှိုင်းရှိုင်း စိတ်ပျက်နေပြီ။ ကြောက်တာလည်း အရင်ကတည်းက ကြောက်ခဲ့တဲ့ လူတန်းစား၊ ဒုတိယ လူတန်းစားက အခုအချိန်ထိ ကိုဗစ်ကို တကယ် မကြောက်သေးဘူး။

တကယ်တမ်းက အခုအချိန်မှာ ကျွန်တော်တို့ဟာ ကိုဗစ် တစ်ခုတည်း ကြောက်ရတာ မဟုတ်တော့ဘူး။ ပြိုလဲသွားတဲ့/ ပြိုလဲတော့မယ့်/ ပြိုလဲသွားနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက်ကလည်း နောက်မှာက ချောက်ကြီး ဖြစ်နေပြီ။ လုပ်ငန်းတစ်ခု/ လုပ်ငန်းရှင် ပြိုလဲရင် တစ်နွယ်ငင် တစ်စင်ပါ ဝန်ထမ်းတွေကနေ Domino Effect လိုပဲ စီးပွားရေးကဏ္ဍအားလုံးကို ထိမှာပါပဲ။

နောက်တစ်ခုက မြန်မာပြည်မှာ 1st Wave ကတည်းက ကျွန်တော်တို့ စိတ်ပူတာ သူများနိုင်ငံတွေ ပြန်ပြီးလည်ပတ်ချိန်မှာ ကိုယ်က ကျန်နေခဲ့မှာ စိုးရိမ်တာပါ။ အခုက အဲဒီလို ဖြစ်နေပါတယ်။ လက်ရှိ ကိုဗစ်က ကျွန်တော့်အမြင်ပြောရရင် Stay at Home တစ်လပြည့်မယ့် အချိန်လောက်ဆို ပိုးတွေ့မှုက ကျလာပြီး Control က ရသွားမယ်ပဲ ယုံကြည်ပါတယ်။

အဓိက ကျွန်တော် စိုးရိမ်တာက အဲဒီလို Control ရသွားပြီး နောက်ပိုင်းကိုပါ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ?

အရင်လိုပဲ Mask ကို တကယ်တပ်တဲ့သူက သေအောင်တပ်၊ မတပ်သူက မေးစေ့ချိတ်ပြီး လျှောက်သွား၊Mask ချွတ်ပြီး စကားတွေပြော/ ဈေးတွေရောင်း၊ ဆိုင်တွေလည်း Social Distancing ကို ဟန်ပြလုပ်၊ စစ်တဲ့သူတွေကလည်း အဖြစ်လေး ဟန်ပြစစ်

ပြီးရင် ကူးစက်မှု ပြန်ဖြစ်၊ Stay at Home ပြန်လုပ်၊ သေတဲ့သူတွေလည်း သေ ဆိုရင်တော့ အခု 2nd Wave ပြီးလည်း ဒီသံသရာက ဘယ်တော့မှ ဆုံးမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ဟာ အနည်းဆုံး နောက်တစ်နှစ်လောက် ကိုဗစ်နဲ့ ယှဥ်တွဲနေရတော့မှာပါပဲ။ ဆေးလည်း လူတိုင်း ချက်ချင်း မရနိုင်သေးပါဘူး။ G2G ဝယ်တောင် ခွဲတမ်းနဲ့ပဲ ရမှာပါ။

ကျွန်တော် ယုံကြည်တာက ကျန်းမာရေး Guidelines လမ်းညွှန်ချက် တွေကို တကယ်လိုက်နာရင် ကူးစက်မှု က နေ့စဥ် ရှိနေရင်တောင် အခုလို မဖြစ်ပါဘူး။ အလုပ်လုပ်လို့ ရလိမ့်မယ်။ စင်္ကာပူဆို ထိန်းနိုင်သွားပြီ၊ ဂျပန် လည်း တစ်နေ့ ၂၀၀ လောက် ကူးရင်း လုပ်စရာရှိတာ ပြန်လုပ်နေကြပြီ။ စင်္ကာပူက ဥပဒေနဲ့ ထိန်းတယ်၊ ဂျပန်က အသိတရား နဲ့ ထိန်းတယ်။

ကျွန်တော့်ဆရာတစ်ယောက် ပြောဖူးတာလေး နားထဲကြားမိတယ်။ “လူဆိုတာ အသိတရား ရှိရင်ရှိ၊ မရှိရင် အကြောက်တရား တော့ရှိရတယ်။ အသိတရားရော၊ အကြောက်တရားရော မရှိရင် ထိန်းလို့မရဘူး” ဆိုတဲ့စကားပါ။

ကျွန်တော်တို့ကရော ဘာနဲ့ ထိန်းမှာလဲ? အသိတရား? အကြောက်တရား? ကိုဗစ်ကာလမှာ လောလောဆယ် အရင်ထူထောင်ရမှာ စိတ်ဓာတ် လို့ပဲ မြင်တယ်။ တကယ်အသိတရား ရှိရှိ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ကာကွယ်ရင်း အလုပ်ဆက်လုပ်မယ့် ပြည်သူတွေလိုတယ်။

အခုကာလ ပိတ်တော့သာ အော်တာ၊ အရင်လတွေက ဘာ Precautions မှ မလိုက်နာတဲ့ လုပ်ငန်းတွေမှ အများကြီးပဲ။ အဲဒီတော့ ကိုယ့်လုပ်ငန်း ကို အပိတ်ခံရတဲ့၊ အခုလို ပိတ်ထားရတဲ့ ဘဝမရောက်အောင် တကယ်ကို Guidelines တွေ လိုက်နာတဲ့ လုပ်ငန်းရှင်တွေလိုတယ်။

အစိုးရဘက်ကလည်း အသိတရားနဲ့ မလိုက်နာရင် ဥပဒေနဲ့ ထိန်းဖို့လိုတယ်။ လူတိုင်းဟာ မေတ္တာတရားနဲ့ ထိုက်တန်မယ်လို့တော့ မယုံကြည်ဘူးရယ်။ မျှတတဲ့ ဥပဒေလိုတယ်။ ဥပဒေကို တကယ်ဖော်ဆောင်ရတဲ့ အဖွဲ့အစည်းတွေကလည်း ကျပ်ကျပ်မတ်မတ် ဖော်ဆောင်ပေးဖို့လိုတယ်။

ကျွန်တော်က ဒီ 2nd Wave ကို မကြောက်ဘူး။ အလွဲအချော် ရှိပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရော၊ အစိုးရရောက လုပ်တော့ အစွမ်းကုန်လုပ်နေတာပဲ။ ပြီးရင် ဘာဆက်လုပ်ကြမှာလဲ? ဆိုတာကို ကြောက်တာ။ အရင်လိုပဲ ဒီမိုး ဒီရေ ဒီလူတွေ ဒီပုံစံ ပြန်ချိုးရင် အားလုံး ခွက်ဆွဲဖို့ပဲ ရှိမယ်။

အရမ်းလည်း စိတ်မကောင်းဘူး။ အကောင်းဆုံး အခြေအနေတစ်ခုကို ရခဲ့ပြီးမှ ဒီအခြေအနေဆိုးကို ပြန်ရောက်အောင် ပေါ့ဆလိုက်ကြတယ်။ တကယ်က စည်းကမ်းရှိရင် ကိုဗစ်ကို နိုင်အောင်တိုက်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ကာကွယ်ရင်း အလုပ်လုပ်တွေလုပ်ရင်း ဖောက်ထွက်လို့ရတယ်။

စည်းကမ်းရှိဖို့ ကတော့ အသိတရား သို့ အကြောက်တရား တစ်ခုခု ရှိဖို့တော့လိုမယ်ပဲ ထင်မိတယ်။ အမြဲတမ်းလည်း ဒီမေးခွန်း ကို ထပ်တလဲလဲ မေးနေမိတယ်။ ကျွန်တော်တို့ Strategy ကဘာလဲ?

အသိတရား? လား၊ အကြောက်တရား? လား

မျိုးအိမ်ဇန်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page