ကိုဗစ်အမြန်စစ်ကိရိယာ အလုပ်လုပ်ပုံနဲ့ စစ်ဆေးပုံ နည်းလမ်း အပြည့်အစုံ

ကိုဗစ်အမြန်စစ် ကိရိယာဆိုတာ ဘယ်လိုမျိုးလဲ? စက်ကြီးနဲ့ စစ်တာလို တိကျပါ့မလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

COVID 19 (ပညာရှင်တွေအခေါ် SAR COV 2) ကို ခုလတ်တလော ဓာတ်ခွဲခန်းတွေမှာ စစ်နေတဲ့နည်းက rt PCR နည်းလို့ခေါ်ပါတယ်။ အရှည်ပြောရရင် real-time polymerase chain reaction ပါ။ လူနာရဲ့နှာခေါင်းထဲ၊ အာခေါင်ထဲက အရည်အကျိအချွဲလေးတွေကို swab လို့ခေါ်ကြတဲ့ တို့ဖတ်ဂွမ်းလေးနဲ့တို့ယူတယ်။ အဲ့ဒါတို့ဖတ်လေးကို Sample လို့ခေါ်တယ်။

အဲ့ဒီ Sample လေးတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း စနစ်တကျထုပ်ပိုးပြီး ဓာတ်ခွဲခန်းကြီးတွေဆီကို ရောက်အောင်ပို့ရတယ်။ ဓာတ်ခွဲခန်းကျမှ Sample လေးတွေကို စက်ကြီးထဲထည့်စစ်ရတယ်။ အဲ့ဒီစက်ကြီးတွေက စျေးကြီးတော့ မြို့တိုင်းမှာမရှိဘူး။ အဲ့ဒါကြောင့် sample တွေကို စက်ရှိတဲ့အနီးဆုံးမြို့ကို အမြန်ဆုံးလမ်းကြောင်းနဲ့ပို့ကြရတယ်။

စက်နဲ့စစ်ရင်ကြာတဲ့အချိန်က ၂ နာရီကနေ ၅ နာရီကြားလို့ ဆိုကြတယ်။ အဲ့ဒီတော့ Sample ကိုလမ်းမှာသယ်ယူရတဲ့အချိန်တွေဘာတွေနဲ့ဆို အစအဆုံး တစ်ရက်၊ တစ်ရက်ခွဲလောက်အထိကြာတာတွေလည်း ရှိတယ်။

အဲ့ဒီနည်းကကျတော့ ဗိုင်းရပ်စ်ရဲ့ Antigen (မြန်မာလိုတော့ ပဋိလှုံ့ပစ္စည်းဆိုလားပဲခေါ်ကြတယ်) ကိုစစ်တာ။ ဆိုလိုတာက လတ်တလောရောဂါပိုးရှိ၊ မရှိကိုစစ်တာပေါ့။ ခေါင်းမရှုပ်သွားပါနဲ့။ ဆက်ဖတ်ပေးပါ။

စစ်လိုက်လို့ Antigen ရှိတယ်ဆို Positive ပေါ့။ ဒါပေမယ့် အဲ့ဒီ Antigen က လူ့ခန္ဓာကိုယ်ထဲမှာ ကြာကြာမနေဘူး။ အချိန်တန်ရင် ပျောက်သွားတယ်။ ရောဂါလက္ခဏာပြပြီး ၁၀ ရက်ကနေ ၁၄ ရက်ဆိုလားပဲ။ (သေချာတော့မသိဘူး)

အဲ့ဒီ Antigen ဝင်လာတဲ့အခါ လူ့ခန္ဓာကိုယ်ထဲကနေ အဲ့ဒီကျူးကျော်လာသူတွေကိုတိုက်ထုတ်ဖို့ Antibody ဆိုတာတွေထွက်လာတယ်။ လွယ်လွယ်ပြောရရင် Antigen က ကျူးကျော်လာတဲ့ရန်သူ။ Antibody ဆိုတာက ရန်သူကိုတိုက်ထုတ်မယ့်စစ်သားတွေ။(အဲ့ဒီဥပမာလေး တစ်ခေါက်ရေးဖူးသေးတယ်)

ဆိုတော့ ရန်သူ Antigen နဲ့ ကိုယ့်ရဲ့စစ်သား Antibody တွေ အပြင်းအထန်ချကြတော့ ခန္ဓာကိုယ်ကြီးကစစ်မြေပြင်ကြီးလိုဖြစ်ပြီး ရောဂါလက္ခဏာတွေခံစားရတယ်။ Antigen က သူ့သက်တမ်းကုန်သွားရင် ခန္ဓာကိုယ်ထဲကနေပျောက်သွားတယ်။ ဒါပေမယ့် Antibody စစ်သားတွေကတော့ ထွက်ပြီးရင်ပြန်မဝင်တော့ဘူး။ (နိုင်ငံရေးပြောနေတာမဟုတ်ဘူးနော်။ တကယ်ဖြစ်တာကိုပြောနေတာ) အဲ့ဒီတော့ စစ်ကြည့်လိုက်လို့ Antibody တွေ့တယ်ဆိုတာက လတ်တလောရောဂါပိုးရှိနေတယ်လို့ အတိအကျဆိုလိုတာမဟုတ်ဘူး။ ပိုးဝင်ပြီး ပြန်ထွက်သွားရင်လည်း Antibody က ရှိနေနိုင်သေးတယ်။

ဟိုးအရင်တုန်းက တိုးတိုးတိတ်တိတ်ကြိတ်စစ်ကြတယ်ဆိုတဲ့ Test kit တွေကကျတော့ သွေးထဲက Antibody ကိုစစ်တာ။ သူက Error များတယ်။ False positive တွေ၊ false negative တွေ ရှိတတ်တယ်။ အဖြေမှားရင် တိုင်တွေပတ်ကုန်မယ်ဆိုပြီး တချို့ပညာရှင်တွေက သိပ်မကြိုက်ချင်ကြဘူး။

အခုနောက်ဆုံး ကိုရီးယားကနေ အခုရေ ၂ သိန်းရောက်လာတယ်ဆိုတဲ့ Rapid Ag Test kit (RAT) တွေကကျတော့ Antigen (ရန်သူ) ကိုစစ်တာတဲ့။ Accuracy ကောင်းပါတယ်။ အမှားအယွင်းနည်းပါတယ်တဲ့။ သူ့အဖြေက rt PCR စက်ကြီးနဲ့ စစ်တာလောက်နီးနီးကို မှန်ပါတယ်တဲ့။ နှာခေါင်း၊ အာခေါင်က swab ကိုပဲယူပြီး စစ်တာပါတဲ့။ အဖြေကလည်း ၁၅ မိနစ်အတွင်းထွက်ပါသတဲ့။

အဲ့ဒီ Test kit တွေကိုသာတနိုင်ငံလုံးကဆေးရုံတွေဆီကို ဖြန့်ပေးလိုက်ရင် အရင်လို swab sample တွေကို ဓာတ်ခွဲခန်းတွေအထိ အပင်ပန်းခံပြီးပို့စစ်စရာမလိုတော့ဘူး။ လူနာဆီက swab ယူ၊ ချက်ချင်းစစ်၊ ၁၅ မိနစ်အတွင်း အဖြေထွက်မှာပါ။

အဲ့ဒါဆိုရင်တော့ လူနာအရေအတွက်များများကို လွယ်လွယ်ကူကူနဲ့ အချိန်တိုအတွင်းစစ်နိုင်တော့ Positive case တွေအများကြီးထပ်တွေ့လာနိုင်ပါတယ်။ ပိုးတွေ့လူနာကိန်းဂဏန်းတွေလည်း အများကြီးထိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။ များများစစ်ရင်တော့ များများတွေ့မှာက အသေအချာပါပဲ။

တဘက်ကပြန်စဉ်းစားကြည့်တော့ အရင်ကလို swab ယူဖို့အတွက် Q ဝင်ရင်းစောင့်နေရသူတွေ၊ swab ယူပြီးအဖြေပြန်မလာသေးလို့ Q မှာစောင့်နေရသူတွေ အများကြီးလျော့သွားမှာဖြစ်သလို၊ အဲ့ဒီလူတွေကို စောင့်ရှောက်ပေးရမယ့်ကုန်ကျစရိတ်တွေ၊ Workload တွေလည်း အများကြီးလျော့ကျသွားဖို့ရှိပါတယ်။

ဆိုတော့… ဘာပဲပြောပြော အားလုံးအိမ်ထဲမှာပဲနေကြပါ။

rt PCR နဲ့ပဲစစ်စစ်၊ Rapid Ag Test kit နဲ့ပဲစစ်စစ် နှာခေါင်းထဲ အာခေါင်ထဲကနေ ထိုးနှိုက်ပြီးယူရတဲ့ swab ကတော့ အရင်လိုပဲယူရမှာပါနော်။

ပြောဖို့ကျန်သွားလို့ပါ။ ဓာတ်ခွဲခန်းမှာ စက်ကြီးတွေနဲ့စစ်တဲ့ rt PCR ကတော့ Gold standard ပါ။ စိတ်အချရဆုံး နည်းပါပဲတဲ့။

Okka Kyi Winn

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page