မြန်မာဖက်ကနေ ပိုးကူးသည်ဆို၍ ရွှေလီမြို့ကို လော့ဒေါင်းချ၊ ကုန်သွယ်မှု ရပ်တန့်သွားပြီ
မြန်မာဖက်ကနေ ပိုးကူးသည်ဆို၍ ရွှေလီမြို့ကို လော့ဒေါင်းချ၊ ကုန်သွယ်မှု ရပ်တန့်သွားပြီ
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု၏ အဓိကကျသော တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာနိုင်ငံသား နှစ်ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ရွှေလီနှင့် ကျယ်ဂေါင် မြို့တို့တွင် လော့ဒေါင်း ချထားကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့ တွင် စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက် တို့တွင် မြန်မာနိုင်ငံသား အမျိုးသမီး နှစ်ဦးထံမှ ကိုဗစ် ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သဖြင့် စက်တင်ဘာ ၁၄ ရက်ညပိုင်းက ရွှေလီမြို့နှင့် ကျယ်ဂေါင်ကို လော့ဒေါင်း ချလိုက်သောကြောင့် ကုန်သွယ်မှုအပိုင်းတွင်လည်း ရပ်တန့်သည့်သဘော ဖြစ်နေကြောင်း သိရသည်။
အဆိုပါ လော့ဒေါင်းချထားစဉ်ကာလအတွင်း သိန်းနှင့်ချီသော တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသားများကို ခုနစ်ရက်အတွင်း ကိုဗစ် ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကုန်စည်စီဆင်းမှု ရပ်တန့်သည့်သဘော ဖြစ်နေရခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်နှင့် ဆွေးနွေးထားခြင်း မရှိသေးကြောင်း၊ လော့ဒေါင်း မချမီ ပြီးခဲ့သည့်အပတ်က ဆွေးနွေးစဉ်က နှစ်နိုင်ငံ ကုန်စည်သယ်ယူပို့ဆောင်ရေး ကိစ္စများတွင် အသိပေး အကြောင်းကြားစာ ပေးပို့ရန် ပြောကြားထားကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ပြောကြားပါတယ်။
တရုတ်အစိုးရကမြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးတွေ့ရှိမှုကို ပြည်ပ ကူးစက်မှုအဖြစ် ထုတ်ပြန်ထားပြီး ၊ နယ်စပ်လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် ၊ ဈေးများ အပါအဝင် ကျောက်ဝိုင်များ ၊ စက်ရုံအလုပ်ရုံအချို့ ခေတ္တရပ်နားထားကာ COVID-19 ရောဂါပိုးရှိမရှိကို စစ်ဆေးရန် ညွှန်ကြားထားကြောင်းသိရပြီး ရွှေလီ ကျယ်ဂေါင်တွင် တရားဝင် နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား နှစ် သိန်းကျော်ရှိကြောင်းသိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ ည၈ နာရီအချိန်တွင် မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၏ ဆေးစစ်အဖြေအရ တရုတ်နိုင်ငံ မန်စီအကျဉ်းထောင်က အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလာသူထဲတွင် ကိုဗစ် ရောဂါပိုးကို တွေ့ရှိရကြောင်းသိရှိရသည်။
ယခုအခါ အဆိုပါရောဂါပိုးတွေ့ရှိသူကို မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး၌ ဆေးဝါးကုသမှုပေးနေပြီး ၎င်းနှင့် ထိတွေ့ခဲ့သူများအပါအဝင် ပြန်လည်လွှဲပြောင်းလာသူများ ၊ ပြည်ထောင်စုအားကစားကွင်းတွင် ဈေးဆိုင်ခန်းများရှိ လူအများ၊ ပရဟိတအသင်းမှ ပရဟိတအသင်းသူ အသင်းသားများ၊ ပြန်လည် လွှဲပြောင်းလက်ခံရာတွင် ရှိသော ဌာနဆိုင်ရာ တာဝန်ရှိသူ များအားလုံးကို Quarantine ထားရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မြန်မာတရုတ်နယ်စပ်မြို့ဖြစ်တဲ့ နိုင်ငံအနောက်ပိုင်းယူနန်ပြည်နယ်ရွှေလီမြို့မှာ ယခုရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံး ယောက်တွေ့ရှိခဲ့ပါတယ်။ ဒေသခံတွေ အိမ်မှာ နေခိုင်းထားပြီး တနင်္လာနေ့ ညနေခင်းမှစလို့ မြို့ထဲအဝင်အထွက်ပိတ်ထားပါတယ်။ လူဦးရေ ၂၀၀၀၀၀ ကျော်ရှိတဲ့ ရွှေလီတစ်မြို့တစ်မြို့လုံးကို ကိုဗစ်ပိုးစစ်ဆေးမယ်လို့ ကြေညာထားပြီး စျေးနဲ့ကုန်တိုက်တချို့ကို ပိတ်ထားတာတွေ့ရပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့သူတွေဟာ မြန်မာနိုင်ငံက ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး တရားမဝင် ဝင်ရောက်သူတွေကို ဖြိုခွင်းသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာကူးစက်မှုတချို့ ပြန်လည်တွေ့ရှိရပြီးနောက်ပိုင်း တရုတ်အစိုးရ တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေတာ တွေ့ရပါတယ်။