ကိုအောင်ကြီး ရဲတပ်ဖွဲ့ကို နစ်နာကြေး သိန်း ငါးထောင်နဲ့ တရားစွဲတဲ့အပေါ် ဆရာသက္ကမိုးညို ပြောပြီ

ကိုအောင်ကြီး ရဲတပ်ဖွဲ့ကို နစ်နာကြေး သိန်း ငါးထောင်နဲ့ တရားစွဲတဲ့အပေါ် ဆရာသက္ကမိုးညို ပြောပြီ

ကိုအောင်ကြီးကနေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို “မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့် အတွက် လျော်ကြေးနှင့်နစ်နာကြေး ငွေ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင်တိတိ) ရလိုမှု” နဲ့ တရားစွဲပါတယ်။ ကျွန်တော် တွေးမိသမျှတွေကို ပြောပါရစေ။ မှန်ချင်မှ မှန်မယ်လို့ တွေးပါ။ တွေးလုံးတွေပါ။

တရားစွဲမှုမှာ လျော်ကြေးနဲ့ နစ်နာကြေး ပါပါတယ်။ လျော်ကြေးဟာ အမှုဖြစ်လို့ အမှန်တကယ် ကုန်ကျခဲ့တဲ့ တရားရုံးစရိတ်၊ဘာညာပါ။ နစ်နာကြေးကတော့ စွပ်စွဲခံရလို့ သိက္ခာကျတာ၊ အများပြောဆို ရှုံ့ချခံရတာ စတာတွေကြောင့် နစ်နာမှု ဖြစ်ခဲ့လို့ တောင်းတာပါ။

မှားယွင်းတရားစွဲဆိုခံရလို့ ဖြစ်ပေါ်တဲ့ နစ်နာမှုအတွက် ပြည်သူအချင်းချင်း တရားစွဲတာတွေ ရှိခဲ့ပေမယ့် အစိုးရ ဌာနတခုကို တရားစွဲတာ ဒါ ပထမဆုံး ထင်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ဒါဟာ အစိုးရကို တာဝန်ယူမှု တာဝန်ခံမှု တောင်းဆိုတဲ့ ပထမဆုံး အမှု ထင်ပါရဲ့။ ရဲတပ်ဖွဲ့ဟာ အမှုရှုံးခဲ့ရင် လျော်ကြေးငွေကို ဘယ်ကနေ ပေးမှာလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို နိုင်ငံတော်မှာ ဒီလို ကိစ္စအတွက် ဘတ်ဂျက် လျာထားတာ မပါတော့ ဘယ်လို လုပ်မလဲ။ လက်တွေ့ တာဝန်ရှိခဲ့သူ သက်ဆိုင်ရာ ရဲအမှုထမ်းတွေကို ဘယ်လို တာဝန်ခံစေမလဲ။ ဒါတွေက ကြိုစဉ်းစားရမယ့် ကိစ္စတွေ ဖြစ်လာပါပြီ။

နောက်တချက်က ရဲတပ်ဖွဲ့က ခုခံကာကွယ် ချေပသူတွေ အနေနဲ့ သမီးလေးက ညွှန်ပြလို့ ဆိုတဲ့ ဗီဒီယိုဖိုင်ကို ပြမယ်၊ အောင်ကြီး ကျောင်းထဲ ဝင်သွားတဲ့ ဖိုင်ကို ပြမယ် ဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဒါပေမယ့် အောင်ကြီး ကို ညွှန်ပြတာ မတိုင်ခင်ကတည်းက သမီးလေးက တခြားပြောနေခဲ့တာတွေ ရှိပါတယ်။ ဥပမာ

၁- (၁၇.၅.၁၉) မှာ စခန်းမှာ သမီးဖေဖေက စခန်းမှူးတွေ ရှေ့မှာ မေးပြတော့ ကျောင်းကကိုကို၊ တီချယ် နှင်းနုသိတယ် လို့ ပြောခဲ့တယ်လို့ သမီးဖခင် ထွက်ချက်ရှိပါတယ်

၂- (၁၂.၆.၁၉) မှာ သမီးကို စီအိုင်ဒီမှာ တီချယ်နှင်းနုကို မေးခိုင်းတော့ ကိုကိုနှစ်ယောက်၊ တီချယ် နှင်းနုသိတယ် ပြောခဲ့ပါတယ်လို့ သမီးဖခင် ထွက်ခဲ့ပါတယ်။ ဗီဒီယို မှတ်တမ်းတင်ထားတာ ရှိရင် တောင်းကြည့်ပါ့လား

၃- သမီးပြတဲ့ ဗီဒီယိုကို အောင်ကြီးကို ဒုတိယအကြိမ် မစွဲခင် တရက်အလို (၃.၇.၁၉) ကျမှ သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါတွေက လူသက်သေတွေပါ။

၄- ပိုးတွေ့တဲ့ ဘောင်းဘီဟာ သမီး မနက်ပိုင်း ဝတ်တဲ့ ချည်တဲ့ အပြာလေးမှာပါ။ ဓာတုဝန်ရုံး အစီရင်ခံစာမှာ ပါပါတယ်။ ဆရာမတွေ ထွက်ချက်မှာ ကလေးတွေ တရေးအိပ်ပြီးရင် ဘောင်းဘီ အကျီ လဲပေးတယ် ဆိုပါတယ်။ ၁၂ နာရီ လောက်ပါ။ သမီးက ညနေကျရင် စပေါ့လုံး ဘောင်းဘီလေး လဲထားပါတယ်။ အောင်ကြီး ကျောင်းထဲဝင်တာ (၃) နာရီ နောက်ပိုင်းပါ။

၅- အောင်ကြီးရဲ့ ပိုးတွေ့တယ် ဆိုတဲ့ အောက်ခံ ဘောင်းဘီဟာ အောင်ကြီးကို ပထမဆုံး ဖမ်းပြီး အချုပ်ခန်းထဲမှ ချွတ်ယူသိမ်းဆည်းတာ ဆိုတာကို ဒေါ်စုဒါလီ အောင် စစ်မေးချက်မှာ ပါပါတယ်။ ဒီတော့ လူသက်သေ၊ ပစ္စည်းသက်သေတွေက အားမကောင်းပဲနဲ့ အောင်ကြီးမှ အောင်ကြီးပါ ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။

ဦးခင်မောင်ဇော်ဟာ အောင်ကြီးအမှုကို လက်ခံခဲ့ရာမှာ (က) အောင်ကြီးလွတ်ဖို့ (ခ) တရားခံ အစစ်ပေါ်ဖို့ (ဂ) ဆက်စပ် ကာကွယ်သူတွေ ဖေါ်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ လက်ခံခဲ့တယ် ဆိုပါတယ်။ ဒါ့ကြောင့် အခု ကျန်တဲ့ ရည်ရွယ်ချက် ၂ ရပ် အကောင်အထည်ဖေါ်ဖို့ ဒီအမှု လက်ခံတယ် ဆိုရမှာပါပဲ။

ကြုံလို့ တွေးမိတာက ကလေးမိဘတွေ၊ ရှေ့ အမှုက သက်သေထွက်ချက်တွေကို ပြန်လှန်တာ၊ ပြန်ကိုးကားတာတွေ လုပ်ရတော့မယ်။ ဒီအခါမှာလည်း ဗစ်တိုးရီးယားလေးနာမည်၊ မိဘနာမည် စတာတွေကို ဆက်လက် လုံခြုံအောင် ကာကွယ်ပေးကြပါလို့ ပြည်သူတွေနဲ့ မီဒီယာတွေကို အားကိုးတကြီး အကူအညီ တောင်းပါ။

သက္ကမိုးညို

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page