ကာကွယ်ဆေး မထိုးချင်တဲ့သူတွေကို အတင်းအကြပ် ဖိအားပေးတာမျိုးမလုပ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ကာကွယ်ဆေး မထိုးချင်တဲ့သူတွေကို အတင်းအကြပ် ဖိအားပေးတာမျိုးမလုပ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

လူတိုင်း မဖြစ်မနေ ကာကွယ်ဆေး ထိုးရမယ်လို့ သတ်မှတ် တောင်းဆိုမှာ မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

ကိုဗစ် ရောဂါအတွက် ကာကွယ်ဆေးထိုးမယ့် အစီအမံ ပရောဂျက်တွေကို နိုင်ငံအလိုက် အစိုးရတွေကပဲ ဆုံးဖြတ် ရွေးချယ်ရမယ်လို့ WHO က ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်း မဖြစ်မနေ ကာကွယ်ဆေး ထိုးရမယ် ဆိုတာမျိုး အာဏာသုံးပြီး သတ်မှတ်တာမျိုးကတော့ မှားယွင်းတဲ့ ချဉ်းကပ်မှု ဖြစ်နိုင်တယ်လို့ WHOရဲ့ ကာကွယ်ဆေး စီမံကိန်း ဌာန အကြီးအကဲ ကိတ်အိုဘရိုင်ယန်က ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးကို လူတိုင်း မပျက်မကွက် ထိုးနှံရမယ် ဆိုတာမျိုး အမိန့်အာဏာနဲ့ ဖိအား သွားပေးရင် ဒီလုပ်ငန်းစဉ်အပေါ် ဆန့်ကျင်တဲ့ မလိုလားစရာ တန်ပြန်မှုတွေ ဖြစ်လာနိုင်ကြောင်း အိုဘရိုင်ယန်က ဆိုပါတယ်။ ကမ္ဘာတလွှားမှာ ကာကွယ်ဆေးကို တောင်းဆိုမှုတွေ မြင့်မားနေသလို တစ်ဖက်မှာလည်း ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ အမှန်တကယ် ထိရောက်မှုအပေါ် သံသယနဲ့ မေးခွန်းထုတ်နေသူ အများအပြားလည်း ရှိပါတယ်။

ကိုဗစ်ရောဂါအတွက် အတည်ပြု ကာကွယ်ဆေးတွေ ထွက်ပေါ်လာချိန်မှာ လူတွေ ယုံကြည်လက်ခံလာအောင် အတော်လေး စည်းရုံး ကြိုးစားရဦးမယ်လို့ WHOရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန အကြီးအကဲ ဒေါက်တာ မိုက်ခ်ရိုင်ယန်ကလည်း ဝန်ခံပါတယ်။

ကာကွယ်ဆေး တီထွင်နိုင်တယ် ဆိုတာက လူသားတွေရဲ့ ဇွဲသန်မှု၊ သိပ္ပံပညာ ထွန်းကားမှု၊ ကြံ့ကြံ့ခံနိုင်မှုတွေကို ပြသတဲ့ အောင်ပွဲတစ်ခုလို့ ဆိုနိုင်ကြောင်း၊ တစ်ဖက်မှာလည်း ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လူတွေ ယုံကြည်လာအောင် အများကြီး စည်းရုံးဖို့ လိုအပ်နေကြောင်း ဒေါက်တာ ရိုင်ယန်က ဆိုပါတယ်။

အခုအခါမှာတော့ Pfizerနဲ့ Moderna ကုမ္ပဏီ နှစ်ခုက တီထွင်တဲ့ ကာကွယ်ဆေးတွေက ကပ်ရောဂါကို ၉၅ ရာခိုင်နှုန်းထိ ကာကွယ်နိုင်ကြောင်း အသီးသီး ကြေညာထားကြပါတယ်။ တရုတ်နဲ့ ရုရှားတို့ကလည်း စမ်းသပ်ဆဲအဆင့် ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို အလုံးအရင်း ထိုးနှံဖို့ စတင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page