မလိုတဲ့ ထောက်ခံစာတွေကြောင့် ဖြစ်နေတဲ့ ပြဿနာတွေနဲ့ အလွဲကြီးလွဲနေတဲ့ ကိုဗစ်ကင်းကြောင်း ထောက်ခံစာ

မလိုတဲ့ ထောက်ခံစာတွေကြောင့် ဖြစ်နေတဲ့ ပြဿနာတွေနဲ့ အလွဲကြီးလွဲနေတဲ့ ကိုဗစ်ကင်းကြောင်း ထောက်ခံစာ

ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာဆိုတာကြီးက လွဲနေသလိုပါပဲ။

လူကြီးမင်းတို့သိဖို့က ထောက်ခံစာလာယူတဲ့ လမ်းမှာ၊ လာယူတဲ့လူတွေအချင်းချင်းမှာ၊ ယူပြီးအပြန်လမ်းမှာ ကူးသွားခဲ့ရင် စစ်ပေးတဲ့ ဆရာဝန်လဲ သိမှာမဟုတ်ပါဘူး။ Swab test လုပ်ရင်တောင် ပေါ်မှာမဟုတ်ပါဘူး။ လက်မှတ်ကိုင်ထားလို့ ကိုဗစ်က ကြောက်ပြီး မကူးတော့မှာလဲ မဟုတ်ပါဘူး။

ဒီတော့ကာ အဲ့လို ဘယ်နေရာမှ အသုံးမဝင်တဲ့ ထောက်ခံစာတစ်ခုယူဖို့အတွက်နဲ့ ကူးစက်မှုပိုဖြစ်အောင် ရုံးလာခိုင်းတယ်ဆိုတာကြီးက လျော့ချရမယ့် ရုံးကိစ္စကို မလျော့တဲ့အပြင် ပိုတိုးအောင်လုပ်သလိုဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ကုန်စည်စီးဆင်းရေးကို အနှောက်အယှက်ဖြစ်အောင် လုပ်ရာကျပါတယ်။

လူကြီးမင်းတို့သိဖို့က ရှမ်းပြည်ကို ပိတ်လိုက်ရင် ရှမ်းပြည်က စိုက်ပျိုးရေးတောင်သူတွေဟာ ရန်ကုန် မန္တလေးကို သူတို့ထွက်ကုန်မတင်ပို့နိုင်ရင် အကုန် လွှင့်ပစ်ရပါမယ်။

အစိုးရကထုတ်ချေးတယ်ဆိုရင်တောင် ဆုံးရှုံးသွားတာမကာမိပါဘူး၊ ချေးတယ်ဆိုတာ ပြန်ဆပ်ရမှာပါပဲ။ ဆုံးရှုံးသွားတာကို အလကားထောက်ပံ့ပေးမှသာ ကာမိမှာပါ။

ပထမလှိုင်းတုန်းက တစ်ခါပစ်ရပြီးပါပြီ။ ဒုတိယလှိုင်းအစမှာ Express ကားတွေကို လူမပါဘဲကုန်တင်ခွင့်ပေးခဲ့လို့ Logistics ပိုင်း အတော်အသက်ရှုချောင်လွယ်ကူခဲ့ပေမယ့် အခုတစ်ဖန်ကုန်ကားတွေပိတ်၊ ထောက်ခံချက်တွေတောင်း လုပ်လာပြန်တာဟာ ပထမလှိုင်းကြောင့် အထိနာသွားရာက ပြန်လည်ရုန်းထဖို့ကြိုးစားနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အပါအဝင် အခြားဒေသထွက်လုပ်ငန်းတွေ အကုန်လုံးကို ပြုတ်ပြုတ်ပြုန်းအောင် လုပ်နေသလိုပါပဲ။

နိုင်ငံအနှံ့က ဒေသထွက်ကုန်တွေကို ဝယ်ယူအားဟာ ရန်ကုန်ပဲ အဓိကရှိတာပါ။ ရန်ကုန်ရဲ့ ကုန်စည်လိုအပ်မှုဟာလဲ ရန်ကုန်တိုင်းကထွက်တာနဲ့တင် ဘယ်လိုမှ မလုံလောက်ပါဘူး။

ဒီတော့ အဓိပ္ပါယ်မရှိတဲ့ ထောက်ခံချက်တွေတောင်း၊ ကားတွေကို တားထားပြီး ကုန်စည်စီးဆင်းမှုနှောင့်နှေးအောင်လုပ်တာထက် ကားသမားတွေကို လိုအပ်တဲ့စည်းကမ်းတစ်ချို့ ချမှတ်ပေးပြီး ဖြတ်သန်းသယ်ယူခွင့်ပြုတာဟာ ဘက်စုံကပိုအကျိုးရှိပါတယ်။

အခုတော့ ဟိုဒေသမှာ ကားတွေ ပိတ်ထား ဒီဒေသမှာ ကားတွေပိတ်ထားဆိုတဲ့ သတင်းတွေကြားရတာ အတော်ကြီးကို အမြင်မတော်ပါဘူး။ အမြန်ပြင်ပေးဖို့လိုပါတယ်..

‌ဒေါက်တာကျော်ကျော်စိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page