တနိုင်ငံလုံးကို ဂျင်းပတ်ထည့်နေတဲ့ အစိုးရအသိအမှတ်ပြု ငွေချေးလုပ်ငန်း (ခေတ်ပျက်သူဌေး ဖြစ်ချင်တာလား)

“ရေနစ်လို့ အားကိုးတစ်ကြီး လှမ်းဆွဲမိတဲ့ ကောက်ရိုးမျှင်လေးဟာ တကယ်တော့ မြွေဖြစ်နေတယ်”

ကျွန်မတို့ မြန်မာပြည်သူတွေ ဘယ်ဘ၀က ဝဋ်ကြွေးတွေများ လာဆပ်နေရတာလဲဟင်။ အမတစ်ယောက် အိမ်လာစကားပြောရင်း သူ ချေးငွေလျှောက်မိထားကြောင်း စကားဆက်မိလို့ သုသုအတိုးမေးကြည့်မိတာ။ ၁၅%တိုးတဲ့…..အော် တစ်နှစ်ကိုလား တန်တာပေါ့နော် ပြောမိတာ မဟုတ်ဖူး ၁ လထဲ ပေးတာ ၁၅ ရာခိုင်နှုန်းတိုးတဲ့ ၁၅ ကျပ်တိုးပေါ့ ၁ လကို

ကြားကြားမိချင်း အမရယ် နင့် ငွေချေးလုပ်ငန်းအတုနဲ့ တိုးပြီဆိုပြီး ပြောလိုက်တာ. မဟုတ်ဖူး အစိုးရလိုင်စင်ရ တကယ့်အစစ်တဲ့။ မယုံလို့ လုပ်ငန်းနာမည်မေးပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် website ကနေ စစ်ကြည့်တာ တကယ့်အစစ်ကြီး။ ဟာ အဲ့လိုဆိုမဖြစ်ဖူး သုသုကိုယ်တိုင် အခုပဲလျှောက်ကြည့်မယ် ဆိုပြီး စမ်းလုပ်ကြည့်မိတာ ဒီအဆင့်တွေ ဖြတ်ရတယ်။

ကိုယ့်ဖုန်းနဲ့ သူတို့ application ကို download ဆွဲရတယ်။ ကိုယ်ပိုင် အကောင့်တစ်ခုဖွင့်ရတယ်။ ကိုယ့်ဖုန်းကို code ပို့ပေးတယ်။ ကိုယ့်ဖေ့ဘုတ်အကောင့်နဲ့ ချိတ်ဆက်ရတယ်။ ကိုယ်ရေးအချက်အလက် ပြည့်စုံစွာရေးရတယ်။ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာနဲ့ နောက်ဆုံး အိမ်ကဆောင်ခဲ့တဲ့ မီတာစာရွက် မူရင်းတွေ ဓာတ်ပုံရိုက်ပို့ရတယ်။ ကိုယ့်ကို အာမခံပေးမယ့် သူ ၂ ဦးရဲ့ ကိုယ်ရေးအချက်အလက် ပို့ပေးရတယ်။ နောက်ဆုံး “အဆင့်တိုးချေးငွေ” လျှောက်ထားနိုင်ကြောင်း application ကပြတယ်။ ငွေကျပ် ၁ သိန်းကို အတိုး ၁၅ ရာခိုင်နှုန်းနဲ့ ၁ လတိတိချေးယူနိုင်ကြောင်း ပြတယ်။

ချေးမယ်လုပ်တော့ ကျွန်မ ဘယ်သူသည် ဘယ်လိပ်စာမှာနေထိုင်ပြီး ယခုချေးငွေကို သေချာပြန်ဆပ်ပါမယ်ဆိုတဲ့ video ရိုက်ပို့ပေးရတယ်။ နောက် အောက်က စာချုပ်ကျလာတယ်။ ဖုန်းကနေပဲ ထိုးမြဲလက်မှတ်နဲ့ အနီးစပ်ဆုံးတူအောင် ထိုးပေးရတယ်။ ငွေလွှဲပေးရင် ဘယ်ဘဏ်အကောင့်ကိုလွှဲရမလဲ ဖြည့်ခိုင်းတယ် လုပ်ငန်းစဥ်အောင်မြင်ကြောင်းနဲ့ ကိုယ့်ကို အာမခံပေးမယ့် သူ၂ ဦးရဲ့ ဖုန်းကို link တစ်ခု massage ပို့ပေးပြီး အဲ့ link ထဲကစာ ဖြည့်စွက်ပေးပြီးတာနဲ့ အတည်ပြုချက် စောင့်နိုင်ကြောင်း​ပြတယ်။

သုသု အချက်အလက် အကုန်အမှန်ဖြည့်တာနော်။ ဒါလဲ အတိုးကို ၁၅% နှုန်းပဲ။ ပေးချေးတာလဲ ၁ လပဲ။ ဘာမှတိုးလို့မရဖူး။ သူတို့ သတ်မှတ် ပေးထားပြီးသား။ တကယ်ပါ…..ကျွန်မတော်တော်စိတ်မကောင်းဖူး။ ပိုက်ဆံ ၁ သိန်းဆိုတာ တကယ်အခက်အခဲဖြစ်တဲ့ အခြေခံပြည်သူတွေသာ ချေးယူမှာပါ။ အဲ့လိုပြည်သူတွေဆီက အဲ့လောက်ရာခိုင်နှုန်းအတိုးကို နိုင်ငံတော်အစိုးရရဲ့ တရား၀င်လိုင်စင်ရ ငွေချေးလုပ်ငန်းက ရယူနေတယ်ဆိုတော့ တကယ်ကြောက်လန့်မိခဲ့ရတယ်။

သူတို့ချေးပေးတာ လူ ၂ သိန်းကျော်ပြီလို့ သူတို့ ပေ့မှာရေးထားတယ်။ အားပါးပါး လပိုင်းလေးနဲ့ အတိုးနဲ့တင် မနည်းပါလား။ စီးပွားရေးလုပ်ငန်းလုပ်နေတာ အမြတ်မယူလို့ ဘာယူရမလဲတော့ မပြောပါနဲ့ရှင်။ အသေးစားငွေ​ရေးကြေးရေးလုပ်ငန်းတွေကို နိုင်ငံတော်က တရား၀င်လိုင်စင်နဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တာက ပြည်သူလူထုရဲ့ လူမှု့စီးပွားဘ၀တွေ ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်အောင် အတိုးနှုန်းသက်သက်သာသာနဲ့ ကာလရှည်လေး အဆင်ပြေကြရအောင်ပါ။

ရပ်ကွက်ထဲ နေ့ပြန်တိုးတွေ၊ ၁၀တိုး ၂၀တိုးတွေယူပြီး အဆင်မပြေတဲ့ လူတွေဆီက ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ လူတန်းစားတစ်ရပ်ရဲ့ ယုတ်မာမှု့တွေကို ကြောက်လို့ နိုင်ငံတော်က တစ်ဖက်တစ်လှမ်းက ပြည်သူတွေ အဆင်ပြေကြပါစေဆိုတဲ့ စိတ်လေးနဲ့ ငွေချေးလုပ်ငန်းတွေကို တရား၀င် ကူညီခိုင်းတာပါ။ တရား၀င်လိုင်စင်ရဆိုပြီး မနှိပ်စက်ကြပါနဲ့တော့ရှင်…

အဲ့လို စည်းကမ်းဖောက် အမြတ်ကြီးစားနေကြတဲ့ ငွေရေးကြေးရေးလုပ်ငန်း ဘယ်နှစ်ခုများ နိုင်ငံတော်အစိုးရရဲ့ တည်ဆဲဥပဒေတွေ၊ အမိန့် ညွှန်ကြားချက်တွေကို မထီမဲ့မြင် လုပ်ပြီးနေကြပြီလဲဟင်။ တစ်ဆင့်တိုးတိုင်း အတိုးလျော့လာမယ်လို့တော့ မတ်လုံးမပေးထားပါနဲ့။ နောက်တစ်ဆင့် ၁သိန်းခွဲတို့ ၂သိန်းတို့ဆိုတာလဲ ၁၃-၁၄ ရာခိုင်နှုန်းတွေပါပဲ။ ဒါတောင် ၀န်ဆောင်ကြေးလိုလို ဘာလိုလို လွှဲမယ့်ငွေထဲက ၁%ကနေ ၅%ထိ နှုတ်မယ့် ငွေမပါသေးဖူး။

ချေးလို့ ပြန်မဆပ်နိုင်ရင် ၁ရက်ကျော်ရင် ၁၅၀၀၀ ကျပ် နောက်ထပ် ၃ရက်ကျော်ရင် နောက် ၁၅၀၀၀ကျပ် အော် ပြည်သူတွေလဲ….. ငွေလေး ၁သိန်း ၂သိန်းက သာမာန်ပြည်သူလေးတွေသာ ချေးကြမှာပါ။ တော်ရုံလူ မ​ချေးကြပါဖူး။ သင့်တင့်မျှတတဲ့ အတိုးလေးယူပြီးပဲ ချေးပေးသင့်တာပါ။ အဲ့လိုလူမျိုးတွေဆီကတော့ အတိုးကြီး မစားသင့်ပါဖူးရှင်။

လိုင်စင်ရ အပေါင်ဆိုင်တွေလဲ အဲ့အတိုင်းပဲ။ အပေါင်ထားတဲ့ ရွှေတွေ ခြစ်ယူတယ်။ စိန်ထည်တွေ ကျောက်ထည်တွေဆိုရင်လဲ ကောင်းတာတွေကို မကောင်းတာတွေနဲ့ ဖြုတ်လဲ ယူကြတယ်။ သူများပစ္စည်း အချောင်လိုချင်ကြတာ ပိုက်ဆံရှိတဲ့ သူတွေက ပိုဆိုးတယ်။ မယုံမရှိနဲ့ တကယ်လုပ်နေကြတာ။ ပေါင်ဖူးတဲ့လူတွေသိတယ်။ မရောင်းရက်လို့သာ ကိုယ့်ပစ္စည်းလေး အပေါင်ထားကြတာ လူတိုင်းသံယောဇဥ်တော့ ရှိကြတာပါပဲ။ ပြန်ရွေးယူပြီးလို့ ကြည့်မိရင် ၀တ်ချင်စရာတောင်မရှိဖူး။

တိုင်ချင်ရင်တောင် ငါတို့အပေါင်ဆိုင်သွားတာ လူသိမှာစိုးလို့ဆိုပြီး မတိုင်ကြတာကများတယ် တတ်သိ လူပညာရှိပုဂ္ဂိုလ်များနဲ့ အစိုးရအဖွဲ့အစည်းများရေ ပြည်သူတွေရဲ့ အဖြစ်အပျက်တွေကို လှည့်ကြည့်ပေးကြပါအုံး။ နစ်နာခဲ့ဖူးတဲ့ ပြည်သူများလဲ သုသုရဲ့ ပို့စ် အောက်မှာ ထောက်ခံပေးကြပါ။ ဒါမှ သုသုတို့ ဒီလို မတရားမှုတွေကို ​တွန်းလှန်နိုင်မှာပါ။

“ရေနစ်လို့ အားကိုးတကြီး ဆွဲမိတဲ့ မြက်ပင်လေးတွေဟာ တကယ်တော့ မြွေဖြစ်နေတတ်တဲ့ အခြေခံပြည်သူတွေရဲ့ ဘ၀များစွာကို ၀ိုင်းပြီး ကယ်တင်ဖို့ ကူညီပေးကြပါ အကြွေးနွံ ထောင်ချောက်တွေများ တကယ်ကြောက်ဖို့ ကောင်းပါလားရှင်….. သက်ဆိုင်ရာလူကြီးတွေကို မျက်စိပိတ်၊ နားပိတ် လုပ်ထားတဲ့သူတွေ ကျဆုံးပါစေ။

Tu Yadanar

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page