ပြည်သူတွေက လစဥ် (၁၀) သိန်း ပေးထားရတဲ့ လွှတ်တော်အမတ်တွေကို ခိုင်းပေးကြပါ

ပြည်သူတွေက လစဥ် (၁၀) သိန်း ပေးထားရတဲ့ လွှတ်တော်အမတ်တွေကို ခိုင်းပေးကြပါ

လူတွေဟာ အမှန်တရားအတွက် ရဲစခန်းတိုင်တယ်။ ရဲက အရေးမယူဘူး။ တရားရုံး တိုင်တယ်။ တရားရုံးက လက်မခံဘူး။ ဒီတော့ စိတ်ပြေရာ ပြေကြောင်း ဘာလုပ်ကြသလဲ။ ဖေ့ဘုတ်မှာ ပို့စ်တင်ပြီး ရင်ဖွင့်တယ်။ လူတွေက ကွန်မင့်တွေမှာ ထောက်ခံကြတယ်။ အားပေးကြတယ်။ ဝိုင်းဆဲကြတယ်။ ပို့စ်တင်တဲ့သူ ကျေနပ်သွားတယ်။ ဒါပေမဲ့ အမှန်တရား မပေါ်ပေါက်လာဘူး။

အတိုင်ခံရသူတွေကလဲ ဖေ့ဘုတ်ဖတ်ရင်း သဘောကျနေကြတယ်။ ငါတို့ မဖြေရှင်းပေးတော့ရော မင်းတို့ ဖေ့ဘုတ်ပေါ် တင်တာကလွဲလို့ ဘာတတ်နိုင်သေးလဲလို့ စိတ်ထဲက ကြိတ်ပြုံးနေကြတယ်။

တကယ်မှန်တဲ့ ကိစ္စတွေအတွက် ရဲစခန်း၊ တရားရုံးက ဘာမှ မလုပ်ပေးလို့ စိတ်ပျက်လက်မလျှော့လိုက်ပါနဲ့။ နည်းလမ်းရှိပါသေးတယ်။ အဲဒါက ကျနော်တို့ အခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းပေးရန် ခိုင်းဖို့ ရွေးချယ်တင်မြောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ သူတို့ကို အရေးယူဆောင်ရွက်ပေးဖို့ ပြောပါ။

တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေမှန်းတောင် မသိရပါဘူး။ လူထုက မဲပေးရတာနဲ့ တန်အောင် လစဉ် ငွေ (၁၀) သိန်းပေးထားရတာနဲ့ တန်အောင် သူတို့ကို များများခိုင်းဖို့ လိုပါတယ်။ အလုပ်ဖြစ် မဖြစ် အဖြေကို စောင့်ကြည့်ပါ။

ဒီနည်းဟာ စင်္ကာပူမှာ အရမ်းအလုပ်ဖြစ်တယ်။ သူတို့ လွှတ်တော်ကိုယ်စားလှယ် (MP) တွေဟာ ဒီလို တိုင်ကြားခဲ့လို့ရှိရင် အစွမ်းကုန် ကူညီကြတယ်။ စင်္ကာပူက လွှတ်တော်ကိုယ်စားလှယ် MP (Member of Parliament) ဟာ မိမိတို့ မြို့နယ်က လူထု အခက်အခဲကို ဖြေရှင်းဖို့ လာတိုင်သူတွေရဲ့အသံကို MP ကိုယ်တိုင် နားထောင်ပြီး မှတ်တမ်းယူတယ်။ ည ၈ နာရီလောက်ကနေ ညသန်းခေါင်ယံထိ နားထောင်ကြတယ်။

အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြလာရင် MP က ဘာဆက်လုပ်သလဲ။ သက်ဆိုင်ရာ အစိုးရဋ္ဌါနကို စာရေးပြီး ပို့လိုက်တယ်။ ဒီလူက အခုလို မတရားလုပ်ခံရတယ်လို့ တိုင်ကြားလာပါတယ်။ လူကြီးမင်းတို့ ဋ္ဌါနက အရေးယူစုံစမ်းပြီး ပြေလည်အောင် ဖြေရှင်းပေးပါ လို့ ရေးလိုက်တယ်။ အဲဒီဋ္ဌါနကလဲ အမြန်ဆုံး ဖြေရှင်းပေးကြတယ်။ ဖြေရှင်းပြီးတာနဲ့ အဲဒီဋ္ဌါနက ဖြေရှင်းပြီးကြောင်း အကြောင်းကြားစာကို MP ဆီကို စာပြန်လိုက်ပြီး တိုင်ကြားသူကို မိတ္တူတစ်စောင် ပို့ပေးပါတယ်။

လွယ်လှချည်လား။ အစိုးရဋ္ဌါနက ဂရုစိုက် အလေးထား ဖြေရှင်းပေးပါ့မလား။ ဂရုမစိုက်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ MP ဟာ နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပချိန်ကို အေးအေးဆေးဆေး စောင့်နေပါတယ်။ လွှတ်တော်အစည်းအဝေးမှာ အစိုးရဝန်ကြီးတွေအားလုံး မပျက်မကွက် တက်ရောက်ရတယ်။ လွှတ်တော်အတွင်း MP တွေ မေးမြန်းတာကို ပြန်လည်ဖြေကြားပေးရပါတယ်။ အဲဒီတော့ စောစောက ပြောတဲ့ MP က ထိုင်ရာက ထပြီး သူတိုင်တဲ့ ဋ္ဌါနရဲ့ ဝန်ကြီးကို တိုက်ရိုက်မေးခွန်းပါတော့တယ်။ သူ ဘယ်နေ့ ဘယ်ရက်က သူ့ဋ္ဌါနကို တိုင်ကြားစာ တစ်စောင် ပို့ထားပါတယ်။ အဲဒါ ဘာမှ မဖြေရှင်းပေးတဲ့အပြင် ဘာဆောင်ရွက်ထားသလဲ သိချင်ပါတယ်လို့ (ဝန်ကြီးချုပ်အပါအဝင်) လွှတ်တော်ကိုယ်စာလှယ်တွေ အားလုံးရှေ့မှာ မေးလိုက်ပါတယ်။

သေချာတာကတော့ အောက်ခြေက လုပ်တာကို အဲဒီဝန်ကြီး အသေးစိပ် ဘယ်မှာ သိပါ့မလဲ။ ဒါတော့ ငါ ဘယ်သိမလဲကွလို့ ပြန်ချဲလို့မရပါ၊၊ ဒီတော့ ဝန်ကြီးက ဘယ်လို ဖြေရသလဲ။ ဒီကိစ္စအတွက် အမြန်ဆုံး စုံစမ်းပြီး ဖြေရှင်းပေးပါမယ်ပေါ့။ ဝန်ကြီး အရှက်ကွဲပြီပေါ့။ လွှတ်တော်အစည်းအဝေးပြီးသွားတော့ ဘာဖြစ်မလဲ။ စဉ်းစားကြည့်ပေတော့။ စောစောက MP တိုင်တဲ့ ဋ္ဌါန ညွှန်ချုပ်ကစလို့ အားလုံး တန်းစီအဟောက်ခံရပြီ။ တာဝန်ရှိသူသာ အကြောင်းပြချက် မကောင်းရင် တော့ သေပြီပေါ့။ ချက်ချင်း အလုပ်ပြုတ်ပြီ။

တကယ်လို့ ဝန်ကြီးက သူပြောထားသလို မစုံစမ်းဘူးဆိုရင်ကော။ MP က နောက်တစ်ကြိမ် အစည်းအဝေးကို စောင့်ပြီး ဝန်ကြီးကို ဒီမေးခွန်း ထပ်မေးပါလိမ့်မယ်။ ဒုတိယအကြိမ် အမေးခံရတဲ့ ဝန်ကြီး မရှိသေးပါဘူး။ ဒုတိယအကြိမ် လွှတ်တော်အစည်းမှာ ၂ ခါ အလုပ်မလုပ်ဘူးလို အပြောခံရရင် ဝန်ကြီးချုပ်က ချက်ခြင်း ဖြုတ်လိုက်မှာပါ။

မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများဟာ မိမိတို့မှာ အခွင့်အာဏာ အပြည့်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ပြည်သူလူထုကလဲ လွှတ်တော်ကိုယ်စားလှယ်တွေကို လစဉ် ငွေ (၁၀) သိန်းပေးပြီး လွှတ်တော်ထဲ သွားအိပ်ဖို့ မဲပေးထားတာ မဟုတ်ဘူး၊ ပြည်သူတွေကလဲ သူတို့ကို လူထုကိုယ်စား ဆောင်ရွက်ပေးဖို့၊ ခိုင်းဖို့ ရွေးချယ်တင်မြောက်ထားတာ ဆိုတာကို မမေ့ကြပါနဲ့။

တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် ရွေးကောက်ပွဲ ပြီးသွားကတည်းက မြင်တောင် မမြင်ရတော့ဘူး။ သူတို့ ဘာလုပ်နေမှန်းလဲ လူထု မသိရဘူး။ ဖေ့ဘုတ်မှာ တင်ပြီး ဘာမှလဲ မလုပ်ပေးဘူးလို့ အော်မနေပါနဲ့။ ဘာမှကို ဖြစ်လာမှာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောပြ ဖြေရှင်းခိုင်းပါ။ အကူအညီတောင်းတာ မဟုတ်ပါ။ ခိုင်းပါ၊၊

(ဗန်းမော်သိန်းဖေ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page