ကိုဗစ်အဆုံးသတ်တိုက်ပွဲမှာ ရန်ကုန်ကို ကူဖို့ ကရင်ပြည်နယ်က စစ်ကူတွေ လာပြီ

ကိုဗစ်အဆုံးသတ်တိုက်ပွဲမှာ ရန်ကုန်ကို ကူဖို့ ကရင်ပြည်နယ်က စစ်ကူတွေ လာပြီ

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)မှာ တာဝန်ထမ်းဆောင်ဖို့ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံတွေက သူနာပြု ဆရာ/ဆရာမ အယောက်(၂၀)ဟာ စက်တင်ဘာ(၃၀)ရက် မနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးကနေ မော်တော်ယာဉ်နဲ့ ရန်ကုန်တိုင်းကို ထွက်ခွာလာခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ကြမယ့် သူနာပြုဆရာ/ဆရာမတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်နဲ့ တာဝန်ရှိသူတွေက ပြည်သူ့ဆေးရုံကြီး(ဘားအံ)သုံးထပ်တိုးချဲ့လူနာဆောင်မှာ ဂုဏ်ပြုတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ပြည်နယ်လူမှုရေးဝန်ကြီးက ကရင်ပြည်နယ်ကိုကိုယ်စားပြုပြီး သွားရောက် တာဝန်ထမ်းဆောင် ကြမယ့် သူနာပြုဆရာ/ဆရာမတွေအနေနဲ့ လိုအပ်ချက်တွေရှိလာပါက ကရင်ပြည်နယ်အစိုးရအဖွဲ့ကို တိုက်ရိုက်ဆက်သွယ် စေလို ကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လိုအပ်တာတွေကို ပြည့်ပြည့်ဝဝစီမံဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရတစ်ဖွဲ့လုံးကလည်း စေတနာ့တာဝန်ထမ်ဆောင်ကြမယ့် Volunteer သူနာပြုတွေကို လိုက်လိုက်လှဲလှဲဂုဏ်ယူနေကြပါကြောင်း၊ နောက်ဆံမတင်းဘဲ ကိုယ့်ကျန်းမာရေး ပြည်သူ့ကျန်းမာရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း မှာကြားခဲ့ပါတယ်။ အဲဒီနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် သူနာပြု/သားဖွား အသင်း၊ ကရင်ပြည်နယ်ကုသရေးဦးစီးဌာနတို့က ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပါတယ်။

“သူတို့အနေနဲ့ အခြေအနေပေါ်မူတည်ပြီးတော့ အနည်းဆုံး ၂ ပတ်လောက်ကနေ လိုအပ်ရင်တစ်လလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အခြေအနေရဲ့အပေါ် လူရဲ့ပင်ပန်းမှုအပေါ်မူတည်ပြီးတော့ စီစဉ်ရမှာဖြစ်တဲ့အတွက် တာဝန်တွေ ချိန်းသွားရမှာဖြစ်ပါတယ်၊ အဓိကတော့ ဒီဆရာ၊ဆရာမတွေက ကုသရေးကိစ္စရပ်တွေမှာ Positive လူနာတော်တော် များများရဲ့ ကုသမှုတာဝန်တွေကို အနီးကပ်တာဝန်ယူပြီး လုပ်ရမယ့်သူတွေဖြစ်ပါတယ်၊ အရေးကြီးတာ လူနာဘဲဆိုတာကြီး က သူတို့ခေါင်းထဲအမြဲရှိနေတယ်၊ လူနာတစ်ခုခုဖြစ်ရင် ကောင်းအောင်အမြန်လုပ်မယ်ဆိုတဲ့ စိတ်ဘဲရှိနေတဲ့အခါကျတော့ သူများကို ကူမယ့်ကယ်မယ့်သူတွေဟာ ကိုယ့်ကိုကိုယ်ကူဖို့ကယ်ဖို့ စနစ်နဲ့နေဖို့ မေ့နေတတ်ကြတယ်၊ သတိနဲ့နေဖို့ သတိ မလွတ်ဖို့ ကျွန်တော်တို့အမြဲမှာကြားထားပါတယ်” လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့် ကပြောပါတယ်။

အခုလို ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကရင်ပြည်နယ်ကနေ သွားရောက်တာဝန်ထမ်းဆောင်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး စက်တင်ဘာ(၂၁)ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)ကို သူနာပြုဆရာ/ဆရာမ အယောက်(၂၀) လာရောက် တာဝန်ထမ်းဆောင်နေကြတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page