ကယား၊ ကရင်နှင့် မွန်ပြည်နယ်များသို့ အပူပိုင်းမုန်တိုင်း ရောက်ရှိနိုင် (အထူးသတိထားရန်လိုအပ်)

အပူပိုင်းမုန်တိုင်း “နို(လ်)”(NOUL)နှင့် ပတ်သက်သည့် သတိပေးချက် (၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်) (မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန် ထုတ်ပြန်ချက်)

“အပူပိုင်းမုန်တိုင်း “နို(လ်)” (NOUL)အခြေအနေ”

၁။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL) သည် ထိုင်းနိုင်ငံသို့ရောက်ရှိကာ အနောက် ဘက်သို့ ရွေ့လျားလျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “နို(လ်)”(NOUL)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားကာ ထိုင်းနိုင်ငံကို ဆက်လက်ဖြတ်ကျော်ပြီးနောက် (၁၉.၉.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။

“သတိပေးနှိုးဆော်ချက်”

၂။ အဆိုပါ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)၏ အရှိန်ကြောင့် ယနေ့ညမှ (၂၂.၉.၂၀၂၀)ရက်နေ့ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

“အကြံပြုချက်”

၃။ သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page