ပိုးတွေ့လူနာရဲ့ဖုန်းကို ခိုးသွားပြီး လိုက်ရောင်းနေတဲ့ တရားခံကို ကောလင်းမှာ ဖမ်းမိ

ပိုးတွေ့လူနာရဲ့ဖုန်းကို ခိုးသွားပြီး လိုက်ရောင်းနေတဲ့ တရားခံကို ကောလင်းမှာ ဖမ်းမိ

ဆေးကုသမှုခံယူနေသော ကိုဗစ်လူနာတစ်ဦး၏ ဖုန်းကိုခိုးယူကာရောင်းစားခဲ့သူတစ်ဦးကို ဖမ်းဆီး၍ Q စင်တာ သို့ပို့ဆောင်ထိန်းသိမ်းအရေးယူလိုက်သည့်ဖြစ်စဉ် ကောလင်းမြို့၌ ဖြစ်ပွားကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း အုပ်ချုပ်ရေးမှူးများပါဝင်သည့် အသိသက်သေပူးပေါင်းအဖွဲ့တို့က စက်တင်ဘာ ၂၅ ရက်၌ နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိနေရာ နေ့ခင်းအချိန်တွင် ဖုန်းရောင်း/ဝယ်ဆိုင်များသို့ လူတစ်ဦးက ဆမ်ဆောင်းတက်ဘလက် ဖုန်းကို လိုက်လံရောင်းချနေကြောင်း သတင်းပေးချက်ရရှိခဲ့ကြပါတယ်။

ယင်းအတွက်ကြောင့် ပူးပေါင်းအဖွဲ့က အဆိုပါဖုန်းရောင်းချသူကိုစုံစမ်းခဲ့ရာ ကောလင်းမြို့၊ ရွှေမင်းဝံလမ်းမကြီး၊ ကမ္ဘောဇဘဏ်(၂)ရှေ့အရောက်၌ တောင်ယာကြီးတောကျေးရွာနေ ဆန်းဝင်းကို(ခ)မင်းသား(၂၃)နှစ်ဆိုသူသည် ဆိုင်ကယ်စီးလာကာ စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။

၎င်းကို ဝန်းသိုမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာရောက်ရှိစဉ်တွင် ဖမ်းဆီးရမိခဲ့ရာ လွယ်အိတ်အတွင်း၌ အလျား ၁၀ လက်မ၊ အနံ ၆ လက်မရှိ ဆမ်ဆောင်း တက်ဘလက် ဖုန်းတွေ့ရှိရသဖြင့် မေးမြန်းရာ ကောလင်းမြို့ဆေးရုံအတွင်း ခိုးယူလာသော ဖုန်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

“Positive လူနာဆီကနေ ခိုးယူလာတဲ့ဖုန်းဖြစ်နေတဲ့အတွက် သူ့ကို စာသင်ကျောင်း Q စင်တာမှာစောင့်ကြည့်လူနာအဖြစ်ထားရှိတယ်။ ဖုန်းတွေကိုလိုက်လံရောင်းချနေတဲ့ ကွင်းဆက်အကုန်လုံးကိုလည်း Q စင်တာကို ပို့ဆောင်ပေးထားတယ်။ သူ့(ဆန်းဝင်းကို)ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မအပြင် ခိုးမှုတို့နဲ့ အရေးယူသွားမှာပါ” ဟု ကောလင်းမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိသော ဆန်းဝင်းကို(ခ)မင်းသား(၂၃)နှစ်သည် ရှောက်မီ ဖုန်းတစ်လုံးကိုလည်း ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ ဖုန်းဆိုင်၌ ကျပ် ၁၃၀၀၀ ဖြင့်ရောင်းချထားပြီးကြောင်းလည်း သိရှိရသဖြင့် ယင်းဖုန်းကိုပြန်လည်ရယူကာ နောက်ဆက်တွဲကွင်းဆက်အားလုံးကို Q ဝင်စေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သော ဆန်းဝင်းကို(ခ)မင်းသား(၂၃)နှစ်ကို ကောလင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ – ၃၈၀/၅၄ အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ – ၂၅ ဖြင့်လည်း အမှုဖွင့်ရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page