နောက်ထပ် ကပ်ရောဂါကြီးများ လာဦးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

နောက်ထပ် ကပ်ရောဂါကြီးများ လာဦးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

ကမ္ဘာကြီးဟာ နောက်ထပ် ကမ္ဘာ့ကပ်ရောဂါအတွက် ပိုကောင်းအောင် ပြင်ဆင်ထားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ တေဒရိုစ်အဒ်ဒါနွန် ဂေဘရီယေးဆပ်က စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း သူက နိုင်ငံတွေကို ဆော်သြပါတယ်။

၂၀၁၉ ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ကူးစက်ခဲ့တယ်လို့ ဖော်ထုတ်ထားတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ခုတော့ လူ ၂၇ ဒသမ ၁၉ သန်းကို ကူးစက်ခဲ့ပြီး ကူးစက်ခံရသူ ၈၀၈,၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။

တေဒရို့စ်က ဂျီနီဗာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ “ဒါဟာ နောက်ဆုံး ကပ်ဘေးဖြစ်မှာ မဟုတ်ဘူး။ ကူးစက်မှုတွေ၊ ကမ္ဘာ့ကပ်ဘေးတွေကို သမိုင်းက ကျနော်တို့ကို သင်ပေးပြီးပြီ။ နောက် ကပ်ဘေး လာတဲ့အခါ ကမ္ဘာကြီးက အဆင်သင့်ရှိနေရမယ်။ ဒီတခါထက် ပိုပြီး အဆင်သင့် ရှိရလိမ့်မယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံကထုတ်တဲ့ ကာကွယ်ဆေး ဘယ်တမျိုးကိုမဆို နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ တရုတ်နဲ့ WHO က ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လက်ထောက်ညွှန်ချုပ် မာရီအိန်ဂျလာ စီမာအိုက ပြောပါတယ်။

စီနိုဗက် ဘိုင်အိုတက်ခ် ကုမ္ပဏီကလည်း သူ့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ၉၀ ရာခိုင်နှုန်းက တရုတ်အစိုးရရဲ့ အရေးပေါ် အသုံးပြုရေး အစီအစဉ်အောက်မှာ တီထွင်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံပြီးကြပြီလို့ စီနိုဗက် ဘိုင်အိုတက်ခ်ရဲ့ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။

ကမ္ဘာ့ကာကွယ်ဆေး ခွဲတမ်းသတ်မှတ်ချက် အစီအစဉ် ကိုဗက်စ်မှာ လာရောက်ပူးပေါင်းဖို့ အိန္ဒိယအစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့ ဆွေးနွေးနေတယ်လို့ အကြံပေး ဘရုစ်အိုင်းဝပ်ဒ်က ပြောပါတယ်။ ကာကွယ်ရေးအစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဂါဗီ ကာကွယ်ဆေးမိတ်ဘက်အဖွဲ့တို့က ဦးဆောင်နေပြီး ကမ္ဘာမှာ ကာကွယ်ဆေး ထိုးဆေးတွေကို ညီညီမျှမျှ ဝယ်ယူ ဖြန့်ဖြူးနိုင်ရေး ကူညီဖို့ ရည်မှန်းထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အရေးပေါ်အစီအစဉ် ညွှန်မှူးက “ရောဂါ ကူးစက်မှုကို အင်မတန် နိမ့်ပါးတဲ့အဆင့် ရောက်အောင် ထိန်းနိုင်ခဲ့လို့ တရုတ်ကို ချီးကျူးတယ်။ ဒါပေမဲ့ အားရကျေနပ်မှုတော့ မရှိဘူး”လို့ သတိပေး ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page