စံချိန်တင်ကူးစက်နေတဲ့ အမေရိကန်က ပေးတဲ့ သင်ခန်းစာနဲ့ လုံးဝ လျော့တွက်လို့ မရသေးတဲ့ ကိုဗစ်

စံချိန်တင်ကူးစက်နေတဲ့ အမေရိကန်က ပေးတဲ့ သင်ခန်းစာနဲ့ လုံးဝ လျော့တွက်လို့ မရသေးတဲ့ ကိုဗစ်

အမေရိကားမှာ ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာ ၂၃)က စံချိန်တင် ပိုးတွေ့ရှိမှု ဖြစ်ခဲ့ပါတယ်။ တစ်နေ့တည်းနဲ့ လူပေါင်း ၈၂၉၀၀ မှာ ပိုးတွေ့ခဲ့ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး အချက်အလက်တစ်ချို့နဲ ဆက်စပ်အတွေးတစ်ချို့ တင်ပြလိုက်ပါတယ်။ မြန်မာပြည်မှာ ပြန်သုံးလို့ရတယ်လို့ ယူဆရတဲ့ အချက်တစ်ချို့ပါနေလို့ပါ။

အမေရိကားမှာ လူပေါင်း ၈.၃ သန်း ကူးစက်ခံရပြီးပါပြီ။ လူပေါင်း ၂ သိန်း ၂ သောင်းကျော်ထိ သေဆုံးမှုမြင့်တက်ခဲ့ပါပြီ။

(၁) များများစစ်လို့ များများတွေ့တာပဲ လို့ ယူဆလို့ မရတဲ့ အခြေအနေပါ။ အချက် ၂ ချက်ကို ကြည့်ပါ။ ပထမအချက်က ဆေးရုံတက်နှုန်းက ပါ မြင့်တက်လာနေပါတယ်။ ပြည်နယ်ပေါင်း ၅၀ ရှိတဲ့အနက် ပြည်နယ် ၃၇ မှာ ဆေးရုံတက်နှုန်း သိသိသာသာ များလာနေပါတယ်။ တစ်ချိုပြည်နယ်တွေမှာ ဆေးရုံတက်နှုန်းဟာ ၂ ဆနဲ့အထက် မြင့်တက်ခဲ့ပါတယ်။ ဒုတိယအချက်က သေနှုန်းကလည်း မြင့်တက်လာနေပါတယ်။ တစ်ရက် သေနှုန်းဟာ သိပ်မကြာသေးခင် ရက်များအတွင်းမှာပဲ တစ်ထောင်ကျော် လာခဲ့ပါပြီ။

(၂) ပြီးခဲ့တဲ့ သောကြာ မတိုင်ခင် စံချိန်တင်အများဆုံးပိုးတွေ့တဲ့ ရက်က ဇူလိုင် ၁၇ ရက်ပါ။ ၇၆၅၅၃ ယောက် တွေ့ခဲ့ပါတယ်။ အဲဒါ ၇ သောင်းကျော်တွေ့တုန်းက ၄ သောင်းကျော်ကို အရီဇိုးနား၊ ကာလီဖိုးနီးယား၊ ဖလော်ရီဒါနဲ့ တက်ဆက် ဆိုတဲ့ ပြည်နယ် ၄ ခုတည်းမှာ တွေ့ခဲ့တာပါ။ အခုကတော့ အဲလို ပြည်နယ်တစ်ချို့မှာပဲ အများကြီးတွေ့တာ မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂ ပါတ် အတွင်းမှာ ပြည်နယ် ၂၄ ခုဟာ တစ်နေ့တာ စံချိန်တင် ပိုးတွေ့ရှိမှုကို ရောက်ခဲ့ကြပါပြီ။

(၃) အဓိပ္ပါယ်ကတော့ ပြည်နယ်တစ်ချို့မှာဘဲ ပေါက်ကွဲဖြစ်ပွားနေတာ မဟုတ်တော့ဘဲ ပြည်နယ်တော်တော်များများမှာ ဒေသတွင်းကျယ်ပြန့်စွာ ပျံ့နေပြီဆိုတဲ့ သဘောပါ။

(၄) ပြည်နယ်တော်တော်များများမှာ ပြန့်နေပြီဆိုတော့ ကျန်းမာရေးစနစ်အပေါ်သက်ရောက်မှု တစ်ချို့ ရှိလာပါလိမ့်မယ်။ အရင်တုန်းက အဖြစ်နည်းတဲ့ ဒေသတွေက ကျန်းမာရေးဝန်ထမ်းတွေကို အဖြစ်များတဲ့ ဒေသတွေဆီကို ပို့ဆောင်ကူညီစေနိုင်ပါတယ်။ အခု အဲဒီလို လုပ်ဖို့ ခက်လာပါမယ်။

(၅) တစ်ချို့ဆေးတွေ၊ ပစ္စည်းတွေလည်း အခက်အခဲ ရှိလာနိုင်ပါတယ်။ တစ်ခြားပြည်နယ်က ယူသုံးဖို့ အဆင်မပြေနိုင်တော့ပါ။ (ကိုဗစ်အတွက် အသုံးများတဲ့ ဆေးအမျိုး ၄၀ ထဲမှာ ၂၉ က ရရှိရန်ခက်ခဲနေပြီလို့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။)

(၆) နောက်ပြဿနာတစ်ခုက အထူးကြပ်မတ်ကုသဆောင်ပါ (ICU ပါ)။ တစ်ချို့ဒေသတွေမှာ ICU မှာရှိတဲ့ စုစုပေါင်း ကုတင်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီးသား ဖြစ်နေပါပြီ။

(၇) သူတို့လည်း ကုန်စည်ပြပွဲလိုနေရာတွေမှာ ဆေးရုံကုတင်နေရာသစ်တွေ ရရှိအောင် ဆောင်ရွက်နေပါတယ်။ ကုတင်ဖန်တီးရတာဟာ ကျန်းမာရေးဝန်ထမ်းရရှိဖို့ထက်စာရင် လွယ်ပါတယ်။ အရေးကြီးတာက ကျန်းမာရေးဝန်ထမ်းကို ဘယ်ကရမလဲဆိုတာပါပဲ။

(၈) ကိုဗစ်ကူးစက်ခံရပြီးရင် အခြေအနေဆိုးနေတဲ့ လူနာအသက်ကို လုဖို့ အရေးပါတာက ICU ထရိန်နင်ရထားတဲ့ သူနာပြုနဲ့ ဆရာဝန်တွေလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အရင်ကလှိုင်းတွေမှာ ကူးစက်ခံရပြီးသူတွေ သေနှုန်းကလျော့ကျခဲ့ပါတယ်။ အဲဒီလို လျော့ကျဖို့ အဓိက နေရာက ပါဝင်ခဲ့တာက ICU teams တွေလို့ ဆိုပါတယ်။ အဲဒီ ICU သူနာပြုနဲ့ ဆရာဝန်ရှားပါးမှုက တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုပါ။

(၉) ICU သာမက တစ်ချို့ဆေးရုံတွေမှာ (ဥပမာ မစ်ဇူရီနဲ့ အိုက်ဒဟို ပြည်နယ်တွေမှာ) ဆေးရုံတစ်ချို့မှာ ကုတင်က ပြည့်နေပါပြီ။

(၁၀) အခုလို ကူးစက်မှုတက်လာတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါလိမ့်မယ်။ အဲဒီအထဲက တစ်ချက်က ဆောင်းရောက်လာပြီမို့ လူတွေက အပြင်မှာ စုရုံးနေရာက (gathering လုပ်နေရာကနေ) အိမ်ထဲမှာ စုရုံးကြတာကြောင့်လို့ ယူဆစရာ ဖြစ်နေပါတယ်။

(၁၁) စုရုံးစုရုံးလုပ်နေတဲ့ လူငယ်တွေကနေ တစ်ဆင့် လူကြီးတွေကို ပြန်ကူးစက်နိုင်တယ်။ တစ်နည်းအားဖြင့် အခုလို ကူးစက်မှု မြင့်တက်မှုမှာ ရောဂါလက္ခဏာမပြတဲ့ ပိုးရှိသူ လူငယ်လူရွယ်တွေရဲ့ အခန်းကဏ္ဍက အဓိက နေရာမှာ ပါနိုင်တယ်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ (ပိုးရှိသူရဲ့ ၈၀ ရာခိုင်နှုန်းက လက္ခဏာမပြဘူးဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် အဖျားတိုင်းရုံနဲ့ ပိုးမရှိဘူးလို့ လုံး၀ ပြောလို့ မရပါ။ ကိုယ့်စိတ်ထဲမှာ နေကောင်းနေရုံနဲ့၊ အနံ့မပျောက်ရုံနဲ့ ပိုးမရှိဘူးဆိုပြီး လျှောက်သွားလို့ မရပါ။)

(၁၂) အမေရိကားမှာရော၊ မြန်မာပြည်မှာရော ကျွန်တော် ထောက်ပြချင်တဲ့ အရေးကြီးဆုံး အချက်ကတော့ ကျွန်တော်တို့ အဆိုးဆုံးကို ကျော်ခဲ့ပြီးလားဆိုတာ (တစ်နည်းအားဖြင့် peak ကို ကျော်ခဲ့ပြီလားဆိုတာ) မပြောနိုင်သေးပါဘူးဆိုတဲ့ အချက်ပါပဲ။။ ကျွန်တော်တို့ အခုချိန်မှာ ပေါ့လို့မရသေးပါဘူး။ အရေးကြီးတဲ့ ကိစ္စတွေကလွဲပြီး အပြင်မထွက်ဖို့ လိုပါတယ်။ စည်းကမ်းတွေ လိုက်နာဖို့ လိုအပ်နေဆဲပါ။ အခုချိန် တက်ထောင်မိရင် ပန်းတိုင်နဲ့ လွဲနိုင်ပါတယ်။ အားလုံး သတိရှိကြပါခင်ဗျား။ ။

Htet Nay Lin Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page