လော့ဒေါင်းတာလား အလုပ်သွားရမှာလား မသဲကွဲတဲ့အခြေအနေနဲ့ ဗျူဟာပြောင်းသင့်တဲ့ ကျန်းမာရေးဝန်ကြီးဌာန

လော့ဒေါင်းတာလား အလုပ်သွားရမှာလား မသဲကွဲတဲ့အခြေအနေနဲ့ ဗျူဟာပြောင်းသင့်တဲ့ ကျန်းမာရေးဝန်ကြီးဌာန

ကမအဝ ဗျူဟာပြောင်းသင့်ပါတယ်

ပထမတစ်​ခေါက်က မတ်လ ၂၃ရက်မှာ လူနာတစ်ယောက်စတွေ့တယ်။ အဲဒီကနေ တဖြည်းဖြည်းလူနာအရေအတွက် တက်လာတယ်။ ကံကောင်းချင်တော့ သင်္ကြန်ပိတ်ရက်ရှည်မှာ အစိုးရကလည်း တစ်နိုင်ငံလုံး နှစ်ပတ်အိမ်မှာနေဖို့လုပ်လိုက်တယ်။ အဲဒီနောက်ပိုင်းပြည်တွင်းကူးစက်မှု တဖြည်းဖြည်း နည်းသွားတယ်။ အများစုက နိုင်ငံခြားက ပြန်လာတဲ့သူတွေဆီမှာပဲ တွေ့ရတော့တယ်။

အခုကျ ဩဂုတ်လလယ်ကနေ ပြည်တွင်းကူးစက်မှုအသစ်တွေပြန်စလာတာ သုံးပတ်ကျော်အတွင်းကို လူနှစ်ထောင်ကျော်သွားတယ်။ ဒါတောင် တစ်ရက်အလွန်အကျွံသုံးထောင်လောက်ပဲစစ်နိုင်တာ။ စက်တင်ဘာ ၉ ရက်နေ့မှာ စုစုပေါင်း ၂၂၀၀ ဝန်းကျင်စစ်ပြီး ၁၂၀ တွေ့တယ်ဆိုတော့ ငါးရာခိုင်နှုန်းလောက်ဖြစ်နေတယ်။ လူတစ်သောင်းစစ်နိုင်ရင် ငါးရာလောက်တွေ့မယ့်သဘောဖြစ်နေပြီ။ သတိထားကြည့်ရင် သေဆုံးတဲ့လူနာကလည်း နေ့စဉ်လိုတွေ့လာရတာကို မြင်လိမ့်မယ်။ ပထမတစ်ခါကူးစက်မှုမှာ သုံးလအတွင်း ၆ ယောက်သေဆုံးခဲ့တာ ဒုတိယလှိုင်းမှာတော့ အများကြီးစတွေ့ပြီး တစ်ပတ်ကျော်အတွင်း ၈ယောက်သေဆုံးတယ်။

ကိုဗစ်လူနာတွေသီးသန့်ထားတဲ့ ဖောင်ကြီးမှာလည်း ရုတ်တရက် လူနာတွေ ပြည့်လာတဲ့အကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အားတွေလျော့လာပြီဆိုတဲ့အကြောင်း ပြောကြတာတွေ စိပ်လာတယ်။ လောလောဆယ် ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်တွေကိုပါ Quarantine လုပ်နေတာကြောင့် Q centre တွေလည်း မနိုင်မနင်းဖြစ်လာလို့ ရက်တွေတောင်‌လျှော့နေရတယ်။

အကောင်းဆုံးလုပ်နေကြတာကို နားလည်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် အခုလောက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတာကို ဒီဗျူဟာနဲ့ပဲ ဆက်သွားမယ်ဆိုရင် ကူးစက်မှုတွေလည်း မလျော့သွား၊ ကျန်းမာရေးဝန်ထမ်းအင်အားလည်း ပြုန်းတီးတဲ့အပြင် ရေရှည်မှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံးကို ထိခိုက်လာနိုင်မယ်ထင်ပါတယ်။ ဒီနှုန်းနဲ့ဆိုရင် ပိုးတွေ့သူ သောင်းဂဏန်းနဲ့ Q ဝင်ရသူ သိန်းဂဏန်းအချိန်တိုအတွင်း ဖြစ်သွားနိုင်တယ်။ အဲဒါကို ဘယ်လိုကိုင်တွယ်မှာလဲ။

ထိတွေ့သူတွေ Q ထားတဲ့နည်းလမ်း၊ ဘယ်လိုမှန်း ရေရေရာရာ မသေချာတဲ့ stay at home ကြီးထက်စာရင် နှစ်ပတ်လောက် အကုန်လုံးပိတ်တဲ့နည်းလမ်းကို ကျင့်သုံးနိုင်ရင် ဧပြီလတုန်းကလို ပုံစံမျိုးပြန်ရောက်အောင် ထိန်းသိမ်းနိုင်မယ်လို့တွေးမိတယ်။ အခုက လော့ဒေါင်းတာလား အိမ်မှာနေရမှာလား မနေရဘူးလား ဘာမှလည်းမသဲကွဲဘူး။ အိမ်မှာနေဆိုပြီး အလုပ်ကျ ထွက်လုပ်လို့ရတယ်ဆိုတော့ အသွားအလာ အကူးအသန်းလည်း မလျော့သွားဘူး။ အလုပ်လည်း ပိတ်တာတွေကပိတ် ဖွင့်တာတွေကဖွင့်နဲ့ဆိုတော့ လူတွေမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ ကိုယ့်သဘောကိုယ်ဆောင်နေတဲ့သူတွေကလည်း အများကြီး။ အစိုးရ စာမထုတ်ပေးတော့ အလုပ်ပြုတ်မှာပိုကြောက်နေရတဲ့သူတွေက ရုံးသွားအလုပ်လုပ်နေရတုန်းပဲ။

ပြောရရင်တော့ အလုပ်တွေလည်း မရပ်ရအောင်၊ ကူးစက်မှုလည်းလျော့သွားအောင် သဘောနဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာလုပ်တာပဲ။ အခုကကျ ရှဉ့်လည်းမလျှောက်နိုင် ပျားလည်းမစွဲနိုင်နဲ့ ဟိုမရောက် ဒီမရောက် ဘာမှမထူး အကုန်ကူး ဖြစ်နေတယ်။ ကူးစက်မှုမြင့်တယ်၊ စီးပွားရေးထိခိုက်တယ်၊ ကျန်းမာရေးဝန်ထမ်းတွေ အထိအခိုက်များတယ်၊ ကုသမှုစင်တာတွေ ဝန်အကြီးကြီးပိနေတယ်။ အဲဒီအစား ပိတ်မယ်ဆိုလည်း ရဲရဲတင်းတင်းပိတ်လိုက်ရင် စီးပွားရေးထိခိုက်ပေမယ့် ကျန်တဲ့အချက်တွေ ပြန်လျော့သွားမယ်။ ပြန်ထိန်းနိုင်သွားမယ်။ အခုအတိုင်းဆက်သွားရင် ဆေးကုပေးမယ့်သူတောင် ကျန်မှာမဟုတ်တော့ဘူး။

ဒေါက်တာသူရိန်လှိုင်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page