ရန်ကုန်ကိုဗစ်တိုက်ပွဲကို စစ်ကူပေးဖို့ ကချင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေ လာပြီ

ရန်ကုန်ကိုဗစ်တိုက်ပွဲကို စစ်ကူပေးဖို့ ကချင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေ လာပြီ

ကချင်ပြည်နယ်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကုသရေးဌာန (သာကေတ)သို့ မြစ်ကြီးနားမြို့မှ အောက်တိုဘာ (၅)ရက် မွန်းလွဲ (၁)နာရီခွဲတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ ဆရာမ (၂၀)ဦးတို့သည် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းနှင့်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက သွားရောက် တွေ့ဆုံကြပြီး နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြရေး အားပေးမှာကြား ခဲ့ကြပါတယ်။

ထို့နောက် သူနာပြုဆရာ/ ဆရာများ ရန်ကုန်တွင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်း၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ၁၂ သိန်း စုစုပေါင်း (၂၂)သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး သူနာပြုဆရာ/ဆရာမများအား နှုတ်ဆက်ခဲ့ကြပါတယ်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ကုသရေးဌာန(သာကေတ)သို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမတို့အား ပြည်နယ်အစိုးရအဖွဲ့မှ မော်တော်ယာဉ်စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး အထက်တန်းသူနာပြု ဦးတင်လှိုင်ဦးနှင့် ဒေါ်အေးသီတာခိုင်တို့ ဦးဆောင်၍ မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ (၁၂)ဦး၊ ဗန်းမော်ပြည်သူ့ဆေးရုံမှ (၅)ဦး၊ မိုးညှင်းခရိုင်၊ ဟိုပင်၊ နမ္မားတိုက်နယ် ဆေးရုံတို့မှ (၃)ဦး စုစုပေါင်း (၂၀)ဦးတို့က သွားရောက်ကူညီ အားဖြည့်တာဝန်ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page