ကိုဗစ်ကြောင့် ကျန်းမာရေးစနစ်ပြိုလဲလုနီးပါး ဖြစ်ရာကနေ ပြန်လည်ရုန်းထနိုင်ခဲ့တဲ့ အီတလီ

ကိုဗစ်ကပ်ကို အီတလီ ဘယ်လိုကိုင်တွယ်ခဲ့သလဲ။

၁။ ကိုဗစ်ကပ်အစမှ ာအီတလီဟာ တာထွက်မကောင်း။

အီတလီဟာ ကိုဗစ်၁၉ရဲ့ ဥရောပမှာ ပထမဆုံးခြေချရာနိုင်ငံပါ။ ဇန်နဝါရီမှာ ရောဂါစတွေ့ခဲ့ပြီး မတ်လရောက်တော့ အခြေအနေဟာ အတော်ကိုဆိုးရွားခဲ့တယ်။ ဇန်နဝါရီလမှာ တရုတ်ပြည်ကနေ ပြန်လာသူတစ်ဦးမှာ ရောဂါ စတင်တွေ့ခဲ့ပါတယ်။ ဇန်နဝါရီလကုန်မှာတော့ အတည်ပြုလူနာ ၂ ဦး ရှိလာပါတယ်။ နောက်တစ်လခွဲကျော်မှာတော့ အတည်ပြုလူနာ ၃ ထောင် ဖြစ်လာပါတယ်။ အစိုးရက ကျောင်းတွေ တက္ကသိုလ်တွေ ပိတ်၊ နိုင်ငံမြောက်ပိုင်း ဒေသအတော်များများကို လော့ဒေါင်းကြေညာပါတယ်။ ဒါပေမယ့် အခြေအနေက နောက်ကျနေပါပြီ၊ မတ် ၂၂ မှာ လူနာပေါင်း ၆ သောင်း ရှိပါတယ်။ စက်ရုံတွေကို ပိတ်ဖို့ အစိုးရက ကြေညာပါတယ်။ စျေးဝယ်ခွင့်၊ ဆေးဝယ်ခွင့်၊ ဆေးရုံတက်ခွင့်လောက်ကလွဲလို့ ခွင့်မပြုတော့ဘဲ အိမ်မှာပဲ နေခိုင်းပါတယ်။ မတ်လ ၂၆ မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇၁၂ ဦး ရှိလာပြီး ၂၇ မှာ နောက်ထပ် လူ ၉၁၉ ဦးသေဆုံးပါတယ်။

ကျန်းမာရေးစနစ် ပြိုလဲမတတ်ဖြစ်ပြီး ကိုဗစ်ကြောင့် သေတဲ့ အလောင်းတွေ မြင်မကောင်းလို့ စစ်ကားတွေနဲ့ သုသာန်ချရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်။ တစ်နိုင်ငံလုံး ၀ရုန်းသုန်းကားအခြေအနေမို့ အစိုးရဟာ ဘယ်ကအစဆွဲရမယ်မှန်း မသိ၊ အလွဲလွဲ အမှားမှားတွေ ဖြစ်ခဲ့တယ်။ အီတလီဟာ ဥရောပမှာ ပထမဆုံး ကိုဗစ် ကပ်ဘေးကို ကြုံတဲ့ နိုင်ငံဖြစ်လို့ အစမှာ အစိုးရကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ခဲ့ရပါတယ်။ အပိတ်အပင်၊ အကန့်အသတ်တွေ လုပ်ပေမယ့် အချိန်နှောင်းခဲ့ပါတယ်။ အဆိုးဆုံးက အီတလီဟာ ဗဟိုချုပ်ကိုင်မှု လျော့ချထားတဲ့ စနစ်ကျင့်သုံးတာကြောင့် ထုတ်ပြန်တဲ့ အမိန့်တွေ မတူကြပါဘူး။

ဒုက္ခပင်လယ်ဝေနေတဲ့ အီတလီဟာ ဥရောပမိတ်ဆွေတွေရဲ့ စွန့်ပစ်ခြင်းကိုပါ ခံလိုက်ရတယ်။ တရုတ်နဲ့ရုရှားတို့ဆီက ဆေးဝါးပစ္စည်း အကူအညီတွေသာ မရရင် အီတလီ ကံကြမ္မာဟာ မတွေးရဲစရာပါပဲ။

၂။ ကမ္ဘာကြီးကတောင် ပြန်ပြီး သင်ယူရမယ့် ပြောင်းလဲလာမှု

ဒါပေမယ့် အခု အီတလီ အခြေအနေက လွန်ခဲ့တဲ့ ၆ လနဲ့ မတူတော့ပါဘူး။ အီတလီက ရောဂါကူးစက်မှုကို ဘယ်လောက် အထိတောင် ထိန်းချုပ်နိုင်သွားသလဲဆိုရင် ကိုဗစ်ကပ်ဘေးကို ထိန်းချုပ်ရာမှာ လူတွေချီးကျူးကြတဲ့ ဂျာမနီနဲ့
ဖင်လန်တို့နီးနီး အခြေအနေကောင်းနေပါတယ်။ ၁၄ ရက်အတွင်း လူတစ်သိန်းမှာ ကိုဗစ်လူနာ ၃၄ ဦးပဲ ပေါ်ပါတယ်။ စပိန်(၃၁၁) ပြင်သစ်(၁၉၃) တို့နဲ့ယှဉ်ကြည့်ရင် အီတလီဟာ ဘယ်လောက် အခြေအနေကောင်းသွားသလဲ သိနိုင်ပါတယ်။ ဒီအချိန်မှာ ဂျာမနီက နှစ်ပတ်အတွင်း လူတစ်သိန်း လူနာ ၂၆ ဦးပေါ်ပါတယ်။ လူသေနှုန်းနည်းအောင် စီမံရာမှာ အီတလီကတောင် နှာတဖျားသာနေသေးတယ်။

အစမှာ ဖရိုဖရဲဆန်တဲ့ အီတလီဟာ နတ်ရေကန်ထဲ ပစ်ချလိုက်သလိုမျိုး ပြောင်းလဲသွားတာကိုတော့ အတုယူရပါမယ်။ ကိုဗစ်၁၉ ကို အီတလီက ရင်ဆိုင်ခဲ့ပုံဟာ ကမ္ဘာကြီးကတောင် ပြန်ပြီး သင်ယူရမယ့် ပုံမျိုး ဖြစ်လာတာကတော့ အံ့ဩစရာပါ။

ဘယ်လောက်ထိတောင် လုပ်နိုင်သွားလဲဆိုရင် လေဆိပ်ကနေ ထွက်ခွာကြမယ့် ခရီးသည်တွေ အားလုံးကို ကိုဗစ်စစ်ဆေးပြီး လေယာဉ်ပေါ်မတက်ခင်မှာပဲ ရလဒ် သိရအောင် စီစဉ်ထားတယ်။ အီတလီရဲ့ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေ၊ ရထား ဘူတာတွေမှာ ဆိုက်ရောက် ခရီးသည်တွေကို ကိုဗစ် ၁၉ စစ်ဆေးပေးနေတယ်။

၃။ အီတလီ ဘာလုပ်ခဲ့လို့လဲ။

သေရေးရှင်ရေးကြုံတဲ့အခါမှာ အီတလီအစိုးရနဲ့ ပြည်သူတွေ ညီညွတ်ခဲ့ကြလို့ပါပဲ။ ဗဟိုချုပ်ကိုင်မှု လျော့ချထားလို့ ကွဲပြားတဲ့အမိန့်တွေကြောင့် ဖြစ်လာရတဲ့ ဆရာများသားသေ အခြေအနေကြောင့် နောက်ဆုံးမှာတော့ ဗဟိုအစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်လာရပါတယ်။

တာဝန်သိစိတ်နဲ့ ရဲရဲရင်ဆိုင်လုပ်ဆောင်ချက်များ

အပြင်ထွက်ရင်လူတိုင်း နှာခေါင်းနဲ့ပါးစပ်စည်းကို မဖြစ်မနေဝတ်ရပါတယ်။ မဝတ်ရင် ဒဏ်ရိုက်ပါတယ်။ ပြည်သူကလည်း တိတိကျကျလိုက်နာကြပါတယ်။ ပြည်သူတွေအချင်းချင်း ကိုယ်ထူကိုယ်ထ ကွန်ရက်တွေအဖြစ် ချိတ်ဆက်ထားပြီး အိမ်နီးနားချင်း သက်ကြီး ရွယ်အိုတွေအတွက် စျေးဝယ်ပေးတာ၊ ပင်စင်ငွေကို ထုတ်ပေးတာမျိုးကို ကူညီပေးကြပါတယ်။

အီတလီတွေဟာ နဂိုကတည်းက စည်းကမ်းဥပဒေတွေထက်၊ ကိုယ်ပိုင်တာဝန်သိစိတ်ကိုအားပြုတဲ့လူမျိုး ဖြစ်တာဟာ ဒီလို အရေးကြုံလာတဲ့အခါမှာ အားသာချက်ပါ။ အခြေအနေကိုသဘောပေါက်တယ်ဆိုရင်ပဲ အီတလီသားတွေရဲ့ တာဝန်သိစိတ်ဟာ အလိုလိုနိုးထလာပါတယ်။

ပြည်သူတွေ အားနည်းနေတဲ့အပိုင်းကို အစိုးရက ကူညီအားဖြည့်ပေးလို့ ပြည်သူလူထုက ပိုပြီး ထိထိရောက်ရောက်၊ စိတ်ပါလက်ပါ ပါဝင်လာပြီး အစိုးရနဲ့ ပြည်သူလက်တွဲညီညီ ကိုဗစ်ကိုတွန်းလှန်ခဲ့ကြပါတယ်။

ဒီလိုနဲ့ အီတလီဟာ ပြိုလဲနေတဲ့ဘ၀ကနေ တာဝန်သိစိတ်တွေကြောင့် ပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။ ကိုဗစ်၁၉ကပ်ဘေးမှာ အီတလီ အစိုးရနဲ့ ပြည်သူဟာ “အခက်အခဲကို ရဲရဲရင်ဆိုင်”ဆိုတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြပါတယ်။

ပြည်သူလူထုရဲ့အင်အားဟာ အရေးကြီးပါတယ်။ ပြည်သူ့အားမပါဘဲနဲ့ ဘယ်အောင်မြင်မှုမှ ပြီးပြည့်စုံမှာ မဟုတ်ဘူးဆိုတာ အီတလီက သက်သေပြနေပါတယ်။ အစိုးရထက် ပိုပြီးအရေးကြီးတာက ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုပါပဲ။

တို့မြန်မာပြည်လည်း အီတလီကိုအတုယူကြပါ။

Ne Win Shu Maung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page