ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းထက် အိုင်ကျူပိုမြင့်တဲ့ ကမ္ဘာ့ဉာဏ်အကောင်းဆုံး လူသား

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းထက် အိုင်ကျူပိုမြင့်တဲ့ ကမ္ဘာ့ဉာဏ်အကောင်းဆုံး လူသား

ကမ္ဘာ့မှာ အိုင်ကျုအမြင့်ဆုံးလူသားလို့ဆိုလိုက်တာနဲ့ သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို အရင်ဆုံးသတိရကြမှာပါ။ အိုင်းစတိုင်းရဲ့ အိုင်ကျုက ၁၆၀ အထိရှိပြီး နယူတန်ရဲ့ အိုင်ကျုကတော့ ၁၉၀ ရှိပါတယ်။ ဖေ့စ့်ဘွတ်ခ် တည်ထောင်ခဲ့သူ မက်ဇူကာဘတ်ရဲ့ အိုင်ကျုကတော့ ၁၅၂ အထိ ရှိပါတယ်။ ဒီလိုမျိုး ကမ္ဘာ့နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အိုင်ကျုတွေကိုတော့ လူတွေက အလွယ်တကူသိကြပေမယ့် ကမ္ဘာမှာ သူတို့အားလုံးထက် အိုင်ကျုပိုမြင့်တဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။

အဲဒီလူရဲ့ နာမည်ကတော့ William James Sidis ဖြစ်ပြီး သူ့ရဲ့ အိုင်ကျုက ၂၅၀ ကနေ ၃၀၀ ကြားမှာ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ သူ့ရဲ့ အိုင်ကျုရမှတ်ဟာ အိုင်းစတိုင်းနဲ့ နယူတန်ထက်တောင် ပိုများခဲ့ပေမယ့် သူက ထင်ရှားတဲ့ လူတစ်ယောက်မဟုတ်တာကြောင့် သူ့နာမည်ကိုတော့ လူတွေသိပ်မသိကြခဲ့ပါဘူး။ သူဟာ ဒီကမ္ဘာမြေပေါ်က မွေးဖွားခဲ့သမျှ လူတွေထဲမှာ အိုင်ကျုအမြင့်ဆုံးလူသားတစ်ယောက်ဖြစ်ပြီး ယခုထက်တိုင် သူ့ရဲ့အိုင်ကျုရမှတ်ထက် ပိုများတဲ့ လူရယ်လို့ မရှိသေးပါဘူး။ သူဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက ပါရမီပါလာတဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံး သင်္ချာပညာရှင်တစ်ယောက်အဖြစ်နဲ့ အရိုးထုတ်သွားခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

William James Sidis ဟာ ၁၈၉၈ ခုနှစ် နယူးယောက်ခ်မြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ဖခင်ဖြစ်သူကတော့ ဘိုးရစ်ဆိုတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဟာ ဟားဘတ်တက္ကသိုလ်ကနေ ဘွဲ့ ၄ ခုအထိ ရယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး လူတွေအားလုံး အထင်ကြီးလေးစားရတဲ့ စိတ်ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ကတော့ ဆရာဝန်တစ်ယောက်ပါ။ ဒီလိုရေခံမြေခံကောင်းတဲ့ မိသားစုကနေ ဆင်းသက်လာခဲ့တဲ့ သူဟာ ငယ်စဉ်အချိန်ကတည်းက မိဘတွေရဲ့ဆုံးမသွန်သင်မှု ကောင်းကောင်းရခဲ့ပြီး ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ မွေးရာပါဗီဇဟာ သူ့မိဘတွေ မျှော်လင့်ထားတဲ့ ဉာဏ်ရည်ထက်မြက်တဲ့ လူတစ်ယောက် ထက်ကိုကျော်လွန်ပြီး ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားတစ်ယောက်ဖြစ်လာခဲ့မယ်ဆိုတာကို ထိုစဉ်အချိန်က မိဘနှစ်ပါးစလုံး မသိခဲ့ပါဘူး။

William James Sidis ဟာ အသက် ၁၈ လ အရွယ်မှာပဲ နယူးယောက်ခ်တိုင်းသတင်းစာကို သူ့ဘာသာသူ ဖတ်ရှူနိုင်ခဲ့ပါတယ်။ သူ အသက် ၈ နှစ်အရွယ်မှာတော့ လက်တင်၊ ဂရိ၊ ပြင်သစ်၊ ရုရှား၊ ဂျာမန်၊ ဟီဘရူး၊ တူရကီနဲ့ အာမေးနီးယန်းဘာသာစကားတို့ကို သူ့ဘာသာသူ ဖတ်ရှူုလေ့လာခဲ့ပြီး အကုန်အစင်တတ်မြောက်ခဲ့ပါတယ်။ ဒီလို အသက် ၈ နှစ်အရွယ်မှာကတည်းက ဘာသာစကား ၈မျိုးကို ပြောဆိုတတ်မြောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်ပေမယ့် William James Sidis အတွက်တော့ အင်မတန်လွယ်ကူခဲ့ပါတယ်။ ဒါ့အပြင် ဒီဘာသာစကားတွေတတ်မြောက်ခဲ့ရုံသာမကဘဲ သူဟာ “Vendergood” လို့ ခေါ်တဲ့ ဘာသာစကားအသစ်တစ်မျိုးကိုပါ တီထွင်ခဲ့ပါသေးတယ်။

ဒီလိုမျိုး သူမတူတဲ့ ဉာဏ်ရည်ရှိတဲ့ သူ့ကို ဒီထက်ပိုပြီး ပညာတတ်မြောက်စေဖို့အတွက် ဖခင်ဖြစ်သူက ဟားဘတ်တက္ကသိုလ်ကို ပို့ဆောင်ခဲ့ပါတယ်။ ပထမတော့ ဟားဘတ်တက္ကသိုလ်ဘက်က William James Sidis ကို အသက်မပြည့်သေးတဲ့အတွက် လက်သင့်မခံခဲ့ပါဘူး။ အဲဒီအချိန်တုန်းက သူဟာ အသက် ၉ နှစ်အရွယ်သာရှိပါသေးတယ်။

နောက်ထပ် ၂ နှစ်အကြာမှာတော့ ဟားဘတ်တက္ကသိုလ်က သူ့ကို လက်သင့်ခံခဲ့ရပါတော့တယ်။ ဒါကြောင့် သူဟာ အသက် ၁၁ နှစ်အရွယ်မှာတင် ဟားဘတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သွားခဲ့ပြီး ဟားဘတ်တက္ကသိုလ်ရဲ့ သမိုင်းမှာလည်း အသက်အငယ်ဆုံးကျောင်းသားတစ်ယောက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူဟာ ဟားဘတ်မှာ သင်္ချာဘာသာရပ်ကို ရွေးချယ်ပညာသင်ကြားခဲ့ပြီး အချိန်ခဏအတွင်းမှာပဲ ရှိရှိသမျှ သင်္ချာဘာသာရပ်တွေကို နားလည်တတ်ကျွမ်းသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သင်္ချာဉာဏ်ရင့်သန်လာမှုတွေကြောင့် ကျောင်းအတွင်းမှာ သင်ကြားပို့ချနေတဲ့ ပါမောက္ခတွေကို ပြန်ပြီး စာသင်ကြားပေးရတဲ့ အခြေအနေတွေဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ ပါရမီရှင်တစ်ယောက်အဖြစ် အများက လက်ခံလာခဲ့ပါတော့တယ်။ သူဟာ အသက် ၁၆ နှစ်အရွယ်မှာပဲ ဟားဘတ်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။

ဒီလိုမျိုး ကျောင်းပရဝုဏ်အတွင်းမှာ တစ်ခဏအတွင်းပဲ နာမည်ကျော်ကြားလာပြီး ထိုစဉ်အချိန်က သတင်းစာတွေထက်မှာ သူ့ရဲ့ နာမည်ဟာ မကြာခဏပါလာပါတော့တယ်။ သူ့ကို ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားလို့ လူတွေက နာမည်တပ်ကာ ဂုဏ်ပြုခဲ့ကြပေမယ့် သူဟာ အဲဒီလိုအောင်မြင်ကျော်ကြားမှုတွေနဲ့ နေထိုင်ချင်ခဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ တက္ကသိုလ်ကနေ ဘွဲ့ရပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျုးတစ်ခုမှာတော့ သူဟာ ဘဝကို လျှို့ဝှက်စွာ အေးအေးဆေးဆေးနဲ့ နေထိုင်ချင်သူတစ်ယောက်ဖြစ်ပြီး ပြီးပြည်စုံတဲ့ ဘဝတစ်ခုကို တည်ဆောက်လိုသူဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီလို သူဟာ အိုင်စတိုင်းနဲ့ နယူတန်ကိုကျော်လွန်ပြီး ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူ့ဘဝမှာ ဘယ် မိန်းကလေးတစ်ယောက်နဲ့မှ ပတ်သက်မှုမရှိခဲ့ပါဘူး။ မိန်းကလေးတွေအတွက်တော့ သူက လူထူးလူဆန်းကြီးတစ်ယောက်ဖြစ်နေခဲ့ပြီး ဘယ်သူမှက သူ့ကို ပြန်မချစ်ကြိုက်ခဲ့ပါဘူး။

တကယ်တော့ သူဟာ အခုလို သာမန်လူတစ်ယောက်အနေနဲ့ နေထိုင်ချင်တဲ့အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးတယ်။ အဲဒီအကြောင်းအရင်းကတော့ သူ ငယ်စဉ်အချိန်ကတည်းက ရင်ဆိုင်လာခဲ့ရတဲ့ ဖိအားတစ်ခုကြောင့်ပဲဖြစ်ပါတယ်။

သူ အရွယ်ရောက်စဉ်အချိန်မှာ အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ်အရ ထူးချွန်တဲ့ ကျောင်းသားတွေကို ပါရမီရှင်တစ်ယောက်ဖြစ်အောင်ဆိုပြီး ပညာသင်ပေးလေ့ရှိပါတယ်။ သူ့ရဲ ဖခင်ဖြစ်သူက သားဖြစ်သူကို ဒီလို ပါရမီရှင်တစ်ယောက်ဖြစ်အောင် အဲဒီပညာရေးစနစ်ထဲကို တွန်းပို့ခဲ့ပါတယ်။ William James Sidis ဟာ ငယ်စဉ်အချိန်မှာတော့ အဲဒီပညာရေးစနစ်ထဲ ပညာသင်ကြားရတာကို အင်မတန်နှစ်ခြိုက်ခဲ့ပေမယ့် သူ အရွယ်ရောက်လာချိန်မှာတော့ အဲဒီစနစ်ကြီးတစ်ခုလုံးကို ရွံ့မုန်းသွားခဲ့ပါတယ်။ မွေးကတည်းက ပါရမီရှင်တစ်ယောက်အဖြစ် မွေးလာခဲ့တဲ့ သူဟာ အခုလို ကလေးတွေကို ပါရမီရှင်ဖြစ်လာအောင် အတင်းဖန်တီးနေတဲ့ စနစ်ကြီးကို မနှစ်မြို့ခဲ့ပြီး အဲဒီကျောင်းတွေဆီတက်ဖို့ လမ်းညွှန်ခဲ့တဲ့ ဖခင်ဖြစ်သူကိုပါ မုန်းတီးခဲ့ပါတော့တယ်။ အဲဒီလို စိတ်ဒဏ်ရာတွေရှိခဲ့တဲ့ သူက ပါရမီရှင်တွေရဲ့ နာမည်ကျော်ကြားမှုတွေကို ရှောင်ခွာလာခဲ့ပြီး သာမန်လူတစ်ယောက်အဖြစ်နဲ့သာ နေထိုင်ခဲ့တာပါ။ သူ့ရဲ့ ဖခင်ကြီးဟာ ၁၉၂၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး ဖခင်ရဲ့ ဈာပနအခမ်းအနားကိုတောင် သူ မလာတော့တဲ့အထိ ဖခင်အပေါ်မှာ စိတ်ကွက်ခဲ့ပါတယ်။

သူ့ရဲ့ ဉာဏ်ပညာထက်မြက်မှုကို အတတ်နိုင်ဆုံးသိုဝှက်နေထိုင်ပြီး လူတွေကြားထဲမှာ ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။ သူဟာ လခအရနည်းတဲ့ ရုံးစာရေးအလုပ်တွေမှာလည်း နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ဒီလိုမျိုး နေထိုင်ခဲ့ပေမယ့် လူတွေက သူ့ကို မကြာခင်မှာပဲ သတိပြုမိလာတာကြောင့် အလုပ်ပေါင်းများစွာ ပြောင်းရွေ့ပြီးအလုပ်လုပ်ခဲ့ပါတယ်။ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်က နာမည်ကျော်ကြားမှုကို အင်မတန်မုန်းတီးပြီး လူတွေကို ရှောင်ခွာခဲ့ပေမယ့် သူ စွဲစွဲမြဲမြဲလုပ်ခဲ့တဲ့အလုပ်ကတော့ စာရေးတာပဲဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ နာမည်အရင်းကို မသုံးဘဲ ကလောင်ဝှက်များစွာသုံးပြီး စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

William James Sidis ဟာ ဘဝ တစ်လျှောက်လုံး စိတ်ဒဏ်ရာတွေ၊ အထီးကျန်မှုတွေနဲ့ နေထိုင်ခဲ့ရသူတစ်ယောက်ပါ။ သူ့မိသားစုအပေါ်မှာ အကြီးအကျယ်စိတ်နာခဲ့ပြီး မိသားစုနဲ့လည်း ဝေးကွာခဲ့ပါတယ်။ သူ့အနားမှာ အဖော်ဆိုလို့ တစ်ယောက်မှ မရှိတော့ဘဲ ဘဝတစ်လျှောက်လုံးခြောက်သွေ့စွာနဲ့ နေထိုင်သွားခဲ့ရပါတယ်။ တကယ်တော့ သူနဲ့ သူ့မိသားစုနဲ့သာ အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်ခဲ့ရင် အခုလို အဖြစ်ဆိုးနဲ့ ကြုံမှာမဟုတ်ဘဲ ကမ္ဘာကြီးအတွက်လည်း နောက်ထပ်သိပ္ပံပညာရှင်တစ်ယောက်ပေါ်ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း William James Sidis ဟာ အသက် ၄၆ နှစ်အရွယ်မှာ နယ်မြို့လေးတစ်မြို့မှာ မထင်မရှားနဲ့ ဦးနှောက်သွေးလွန်မှုဖြစ်ကာ ကွယ်လွန်သွားခဲ့ပါတယ်။

Shwe Nyan Shin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page