ကူးစက်သူ (၉) သန်းကျော်နဲ့ အိန္ဒိယရဲ့ မဆုံးနိုင်တော့တဲ့ ကိုဗစ် သံသရာ

ကူးစက်သူ (၉) သန်းကျော်နဲ့ အိန္ဒိယရဲ့ မဆုံးနိုင်တော့တဲ့ ကိုဗစ် သံသရာ

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉-သန်းကျော်သွားပြီလို့ အစိုးရက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မြို့တော် နယူးဒေလီမှာတော့ တစ်ရက်တည်းနဲ့ ကူးစက်သူ ၇,၅၀၀ နီးပါး ရှိခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအရ တချို့နေရာတွေမှာ ကူးစက်မှုအရေအတွက် ကျဆင်းပေမယ့် မြို့တော် နယူးဒေလီမှာတော့ ကူးစက်မှုရော သေဆုံးမှုပါ တိုးပွားလာပြီး၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေကဆိုရင် တစ်ရက်ကို လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါကြောင့် နယူးဒေလီက အလောင်း မီးသင်္ဂြိုလ်ရုံမှာ အသုဘချဖို့စောင့်ဆိုင်းကြတဲ့ ဒါဇင်နဲ့ချီတဲ့ ကျန်းမာရေးအလုပ်သမားတွေနဲ့ သေဆုံးသူတွေရဲ့ အမျိုးတွေဟာ အဖြူရောင် PPE ဝတ်စုံတွေဝတ်ပြီး အကြာကြီးစောင့်ခဲ့ကြရပါတယ်။ အစိုးရကထုတ်ပြန်တဲ့ စာရင်းတွေအရ ဒေလီမှာ အသက်ရှူစက်ပါတဲ့ လူနာကုတင် ၉၀ ရာခိုင်နှုန်းနဲ့ စက်မပါတဲ့ လူနာကုတင်က ၈၆ ရာခိုင်နှုန်း ကြာသပတေးမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်သွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်နယ် ဝန်ကြီးချုပ် Arvind Kejriwal ကတော့ ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်ပြီး ဒီကူးစက်မှုကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ပြောပါတယ်။ “ကူးစက်လူနာများလွန်းပေမယ့် လူနာတွေဟာ လမ်းပေါ်မှာ ဒါမှမဟုတ် ဆေးရုံစင်္ကြန်တွေမှာ တန်းစီပြီး မနေရအောင် သူတို့လုပ်နိုင်ခဲ့ပါတယ်” လို့ ကြာသပတေးနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါကြောင့် နယူးဒေလီမှာ ကြီးကြီးမားမားလူစုလူဝေးဖြစ်မယ့် မင်္ဂလာပွဲတွေနဲ့ တခြား ပွဲလမ်းသဘင်တွေကို ကန့်သတ်ချက် ထပ်တိုးလိုက်ပြီး၊ လူထုသက်ဆိုင်တဲ့နေရာတွေမှာ နှာခေါင်းစည်းမတပ်ရင် အမေရိကန် ၂၆ ဒေါ်လာနဲ့ညီမျှတဲ့ ဒဏ်ငွေတပ်မယ်လို့ ကြေညာထားပါတယ်။

ကူးစက်မှု ရောဂါရှိ-မရှိ တအိမ်တက်ဆင်း စမ်းသပ်နိုင်ရေး အစိုးရက လုပ်ပေးသင့်တယ်လို့ အချို့က အကြံပြုပါတယ်။ အချို့က စမ်းသပ်ပေးတဲ့နေရာတွေဆီ သွားရောက် မစစ်ချင်ကြပါဘူး။ အိမ်မှာလာပြီး စမ်းသပ်ပေးရင်တော့ ကူးစက်မှုအတွက် ကြောက်စရာမလိုပဲ ပိုပြီး စိတ်ချလုံခြုံတယ်လို့ သူတို့က ဆိုပါတယ်။

အိန္ဒိယရဲ့ ဗိုင်းရပ်ကူးစက်မှုနှုန်းဟာ နည်းနည်းတော့ နှေးသွားတယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကူးစက်သူ ၅ သန်းကနေ ၆ သန်းဖြစ်ဖို့ ၁၂ ရက်ကြာပါတယ်။ ၆ သန်းကနေ ၇ သန်းဖြစ်ဖို့ ၁၃ ရက်၊ ၇ သန်းကနေ ၈ သန်းဖြစ်ဖို့ ၁၈ ရက်၊ ၈ သန်းကနေ ၉ သန်းဖြစ်ဖို့ ၂၂ ရက်ကြာတယ်လို့ စာရင်းတွေမှာ ဖေါ်ပြထားလို့ဖြစ်ပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ကူးစက်သူ ၉-သန်းကျော်၊ သေဆုံးသူက တသိန်းကျော် ရှိနေပြီး အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာမှာ ဒုတိယ ကူးစက်သူ အများဆုံးဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page