မိတ္ထီလာမြို့မစျေးရှိ ရွှေဆိုင်တဆိုင်ကို ထူးဆန်းသောနည်းဖြင့် ဖောက်ထွင်းရန် ကြိုးစားမှုဖြစ်ပွား

မိတ္ထီလာမြို့မစျေးရှိ ရွှေဆိုင်တဆိုင်ကို ထူးဆန်းသောနည်းဖြင့် ဖောက်ထွင်းရန် ကြိုးစားမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့မဈေးအနီးရှိ ကိုဗစ် ဖြစ်ပွားနေစဉ် ကာလအတွင်း ယာယီပိတ်ထားသော ရွှေဆိုင်တစ်ဆိုင်တွင် တံခါးကို မီးရှို့ကာ ဖောက်ထွင်းရန် လုပ်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောပါတယ်။

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်၊ မိတ္ထီလာမြို့မဈေးကြီး၏ အရှေ့တောင်ဘက်ရှိ ပိတ်ထားသော ရွှေဆိုင်သို့ ယနေ့ အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ဆိုင်ပိုင်ရှင်က သွားရောက်ကြည့်ရှုရာမှ စွပ်ကျယ်အင်္ကျီတစ်ထည်ကို ပလတ်စတစ် ကြိုးနှင့်ချည်ကာ ရွှေဆိုင်တံခါးတွင် ညှပ်၍ မီးရှိ့ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု အဆိုပါ ရွှေဆိုင် ပိုင်ရှင် ဦးကျော်စွာမိုးက ပြောပါတယ်။

“ကိုဗစ်ကာလ ဆိုတော့ ဆိုင်တွေကလည်း ပိတ်ထားရတာပေါ့။ မနေ့ကလည်း ဥပုသ်နေ့ဖြစ်တာရယ်၊ ဆိုင်တွေကလည်း ဖွင့်လိုက် ပိတ်လိုက်လုပ်ကြတာပေါ့။ ဒီနေ့ မနက်ခင်းမှာ တံခါးပေါက်မှာ စွပ်ကျယ်တစ်ထည် ညှပ်နေတော့ ကိုယ်က သမာရိုးကျပဲ ဆိုပြီးတော့ တံခါးဖွင့်လိုက်တာ အဲဒီမှာ စွပ်ကျယ်မှာ မီးစွဲတာ တော်တော်များတာကို တွေ့တယ်။ တံခါးပေါက်မှာပါ ဆက်ပြီးတော့ စွဲသွားတာ။ ပြောရရင် ရှို့တာပေါ့။ မနေ့ကလည်း တနေကုန် ဆိုင်ပိတ်ထားတာ”ဟု ဦးကျော်စွာမိုးက ပြောပါတယ်။

တံခါးသေ့ဖျက်လျှင် အနီးဝန်းကျင်မှ အသံကြားနိုင်သဖြင့် မီးရှို့ကာ ဖောက်ထွင်းရန် ကြံစည်ခြင်း ဖြစ်နိုင်ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သော်လည်း အမှုဖွင့်မည် မဟုတ်ဟု ၎င်းက ဆိုပါတယ်။

ကျွန်တော်က ရ.ယ.က ကို အကြောင်းကြားတယ်။ အမှတ်(၂) ရဲစခန်းကိုလည်း အကြောင်းကြားတယ်။ စစ်ချက်လာယူတယ်။ အမှု ဖွင့်မလားဆိုတော့ ကျွန်တော်က မဖွင့်တော့ပါဘူး။ ဆိုင်ဖောက်တယ်လို့ပဲ မြင်ပါတယ်။ ဆိုင်တံခါးကို ဆွဲတယ်။ မရဘဲနဲ့ သော့ဖျက်ရင်လည်း အသံကြားရမှာပေါ့။ စွပ်ကျယ်ကို ကြွပ်ကြွပ်ကြိုးနဲ့ ချည်ပြီး သေချာကို ထိုးထဲ့ပြီးတော့ ရှို့တာ။ အဲဒီစွပ်ကျယ်မှာ ဓာတ်ဆီမပါတာ ကံကောင်းတာပေါ့”ဟု ဦးကျော်စွာမိုးက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၃ ကလည်း အဆိုပါရွှေဆိုင် ဖောက်ထွင်းခိုးယူ ခံခဲ့ရဖူးပြီး ကျပ်သိန်း (၅၀)ခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများ ပျောက်ဆုံးခဲ့သည်ဟု ၎င်းက ဆိုပါတယ်။

ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စရေန်အတွက်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ယခုနှစ် ဧပြီလဆန်းမှ စတင်ကာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page