လမ်းတွေပေါ်မှာ ထုံးဖြူးရုံနဲ့ ကိုဗစ်ကို ကာကွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ
လမ်းတွေပေါ်မှာ ထုံးဖြူးရုံနဲ့ ကိုဗစ်ကို ကာကွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ
ထုံးကပိုးသေတယ်ဆိုပြီး လမ်းပေါ် ထုံးဖြူးထားချက်က ကားတခါဖြတ်မောင်းသွားတိုင်း မြူတွေဆိုင်းနေသလိုလို အိမ်ထဲထိတောင် ဖွေးနေတာပဲ။ နှာခေါင်းကလော်လိုက်ရင် နှပ်ချေးတောင်ဖွေးဖွေးဖြူတယ်။ ဒါနဲ့ မေးပါရစေဦး….
ပိုးက မြေကြီးပေါ်မှာ အချိန်ကြာကြာ အသက်ရှင်နိုင်လို့လား? လူတွေက မြေကြီးကို လက်နဲ့ကိုင်နေကြလို့လား? လမ်းပေါ်ဖြူးရင် အိမ်ထဲက ပိုးပါသေလို့လား?
အိမ် ၂ အိမ်ကြားကလမ်းကို ဖြူးလိုက်ရင် ဟိုဘက်အိမ်ကပိုးက ဒီဘက်ကို ပုရွက်ဆိတ်လေးလို လမ်းလျှောက်မလာနိုင်တော့လို့လား?
ကိုဗစ်ပိုးက ဘယ်လို ကူးစက်တတ်လဲဆိုတာ မသိကြလို့လား?
တကယ်ဆိုရင် …
(၁) ပိုးရှိသူရဲ့ အာငွေ့နဲ့တံတွေးစင်ထားတဲ့ အရာဝတ္တုတွေ (တံခါးလက်ကိုင် လှေကားလက်ရမ်း ပိုက်ဆံ ရေဘုံပိုင်ခေါင်း စသဖြင့်) ကိုင်မိပြီး အဲ့လက်နဲ့ ပါးစပ်နှာခေါင်းကို ကိုင်မိရင်ကူးပါတယ်။ ဒါကြောင့် လက်ဆေးပါ။ အိမ်သန့်ရှင်းရေးလုပ်ရင် ပိုးသတ်ဆေးရည်ကို ရေပတ်ဝတ်သုံးပြီး အထိအကိုင်များတဲ့ နေရာတွေကို တိုက်ချွတ်ဆေးကြောတာ ပိုထိရောက်ပါတယ်။
(၂) ပိုးရှိသူ ရှူထုတ်လိုက်တဲ့လေကို ၆ ပေအကွာမှာ တိုက်ရိုက်ရှူမိရင် ကူးနိုင်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းအောင်နေပါ။ အလုံပိတ်ခန်းရှောင်ပါ။ မာစ်ဝတ်ကြပါ။ လူစုလူဝေးရှောင်ပါ၊ သူများအိမ် သွားမလည်ပါနဲ့။
မှန်ကန်သောနည်းလမ်းများနဲ့ အကျိုးရှိရှိကာကွယ်နိုင်ကြပါစေ။
MED INFO MYANMAR