ရန်ကုန်မှာ ညမထွက်ရ အမိန့် မလိုက်နာသူ (၆၀၀) ကျော်ကို တညထဲ ဖမ်းမိ (ထောင် ၆ လအထိ အမြင့်ဆုံး ချမှတ်နိုင်)
ရန်ကုန်မှာ ညမထွက်ရ အမိန့် မလိုက်နာသူ (၆၀၀) ကျော်ကို တညထဲ ဖမ်းမိ
မနေ့က တညထဲမှာပဲ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ(၆၀၀)ကျော်ကို ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။
ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား(၆၁၈)ယောက်၊ အမျိုးသမီး(၂၉)ယောက် စုစုပေါင်း(၆၄၇)ယောက်နဲ့မော်တော်ယာဉ်(၁၁၁) စီး၊ ဆိုင်ကယ်(၁၈)စီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေအားလုံးကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ(၁၈၈)နဲ့ အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ(၁၈၈)ဟာ ငွေဒဏ်ဆိုရင် အနိမ့်ဆုံး ကျပ် (၂၀၀) ကနေအမြင့်ဆုံးကျပ်(၁၀၀၀)၊ ထောင်ဒဏ်ဆိုရင်အနိမ့်ဆုံး အလုပ်မပါတဲ့ ထောင်ဒဏ်(၁)လကနေ အမြင့်ဆုံး(၆)လအထိ ချမှတ်နိုင်ပြီး
ငွေဒဏ်နဲ့ ထောင်ဒဏ်ကိုလည်း ပူးတွဲချနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ကိုဗစ်ရောဂါ မြန်မာနိုင်ငံထဲ ကူးစက်ပျံ့နှံ့နေတာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကူးစက်ခံရမှုမရှိစေဖို့နဲ့ အချိန်မီထိန်းသိမ်းနိုင်ဖို့မေလ(၁၅) ရက်ကစပြီး ည(၁၂)နာရီကနေ မနက်(၄)နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီအမိန့်ကို လိုက်နာဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေအရအရေးယူခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၃)ရက်နေ့မနက်အထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၁၀၅၈)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ(၃၅၉) ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။