နေပြည်တော်က ဟိုတယ်တခုမှာ ဂျင်းထည့်ခံလိုက်ရတဲ့ အစိုးရဝန်ထမ်းတဦး (ဟိုတယ်Q ဆိုတိုင်း ယုံရပါ့မလား)

နေပြည်တော်က ဟိုတယ်တခုမှာ ဂျင်းထည့်ခံလိုက်ရတဲ့ အစိုးရဝန်ထမ်းတဦးအကြောင်း (ဟိုတယ်Q ဆိုတိုင်း ယုံရပါ့မလား)

တာဝန်ခံမှုဟူသည်မှာ အဘယ်နည်း……….

ကျွန်တော့် အနေဖြင့် ပထမဆုံးသော ကြောက်လန့်မှုကိုခံစားရခြင်းဖြစ်ပါသည်။ ၇-၉-၂၀၂၀ ရက်နေ့တွင် ကျွန်တော် Swab ယူခဲ့ပါသည်။ ထိုနေ့က ရလာဒ်မှာ Negative ပါ။ ၎င်းနောက် ယင်းနေ့ နေ့လယ်ပိုင်းတွင် Swab ယူပြီးနောက်ပိုင်း၌ ကိုဗစ်ရောဂါပိုးရှိသူနှင့် ဓာတ်လှေကားထဲတွင် အတူရှိခဲ့မိသဖြင့် Home Quarantine ဝင်ခဲ့ရပါသည်။

ကျွန်တော်အိမ်မှာနေသည်။ ဘယ်မှမသွားပါ။ ရောဂါကူးစက်နိုင်‌ခြေရှိသည်အပြုအမူမျိုးကို ကျွန်တော်လုံးဝ ရှောင်ရှားပါသည်။ သတိလည်းထားပါသည်။ အိမ်မှာနေပြီး ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါသည်။ ပစ္စည်းလာပို့သည်များကို ထွက်ယူပါကလည်း နှာခေါင်းစည်းကို သေသေချာချာဝတ်ဆင်ကာ ယူပါသည်။

ယနေ့ ၁၂-၉-၂၀၂၀ ရက်နေ့တွင် နောက်တစ်ကြိမ် Swab သွားယူပါသည်။ ကားကို ကိုယ်တိုင်မောင်း၍ သွားပါသည်။ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကာ ဆရာဝန်အား သတင်းပို့ပါသည်။ အဆင်ပြေစွာပင် Swab ယူခဲ့ပါသည်။ ဇာတ်လမ်းက ခုမှစပါသည်။

နေ့လယ်စာ စားနေချိန်တွင် ကျွန်တော့်အထက်အရာရှိထံမှ ဖုန်းလာပါသည်။ ကျွန်တော့်အား ဟိုတယ်တွင် Quarantine ဝင်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆရာဝန်ထံ ဆက်သွယ်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက်အရ ဆရာဝန်နှင့်ဆက်သွယ်ကာ Jade City တွင် ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ဟိုတယ် Quarantine စတင်ဝင်ရောက်ပါသည်။

ဟိုတယ်အဝင်ဝတွင် စာရွက်စာတမ်းပိုင်းဆိုင်ရာ လိုအပ်သည်များဖြည့်သွင်းပြီး ကျွန်တော်နေထိုင်ရမည့် အခန်းသို့ရောက်ပါသည်။ အခန်းကြမ်းပြင်တွင် ပိုးသတ်ဆေးများဖြန်းထားသည်ကိုတွေ့ရသဖြင့် စိတ်ထဲမှာ တစ်မျိုးဖြစ်၍ သွားပါသည်။

ယင်းအပြင်…အခန်းထဲတွင်…. စားလက်စ ထမင်းဘူးများ…. မရှင်းရသေးသောအမှိုက်တောင်း…. ဖောက်ထားသော လက်ဖက်ခြောက်ထုပ်…. သောက်ထားသော ရေသန့်ဘူးများနှင့် သောက်ပြီးသော ဘူးခွံများ…. မရှင်းရသေးသော မိလ္လာခန်း….. သုံးလက်စ ဆပ်ပြာများ…. ကိုင်တွယ်ထားသော ပစ္စည်းများ…. မဆေးရသေးသောပန်းကန်ပြား၊ ပန်းကန်လုံးများ… မှန်တင်ခုံပေါ်တွင် ဇွန်းများ….. အထူးသဖြင့်…. အိပ်လက်စအိပ်ယာနှင့် ဆံပင်စများ……ကြမ်းပြင်တွင် ပိုးသတ်ဆေးဖျန်းထားသော်လည်း ထိုသို့ အခြားသူတစ်ဦးနေထိုင်ထားသည့် အခန်း၊ မရှင်းလင်းရသေးမှန်းသိသာနေသည့်အခန်းတွင် ကျွန်တော် မည်သို့နေထိုင်ရပါမည်နည်း။

သို့ဖြစ်ရာ… ကျွန်တော် ဧည့်ကြိုကောင်တာသို့ဖုန်းဆက်ရာ.. ဧည့်ကြိုအမျိုးသမီးက ပစ္စည်းများကို မကိုင်ပါရန်နှင့် ဆရာဝန်ထံဖုန်းဆက်ကာ အကြောင်းပြန်ကြားပေးမည်ဟု ဆိုပါသည်။

မကြာပါ။ ဧည့်ကြိုကောင်တာမှဖုန်းပြန်ဆက်လာပါသည်။ ထိုပစ္စည်းများကို ကျွန်တော်ကိုယ်တိုင် အပြင်ထုတ်ပေးရမည်ဟုဆိုပါသည်။ ထိုသို့ဆိုသဖြင့် ကျွန်တော်သည် ထိုပစ္စည်းများကို ကျွန်တော်ကိုယ်တိုင်အခန်းရှေ့သို့ထုတ်ပေးခဲ့ပါသည်။ သို့ရာတွင် ကျွန်တော့်အတွက် စောင်၊ ခေါင်းအုံး အသစ်များမရောက်လာသဖြင့် ဆရာဝန်ထံဖုန်းဆက်ပြီး ပြောကြားရပါသည်။ ဆရာဝန်ထံဖုန်းဆက်ပြီးမှ ထို စောင်များ ရောက်လာပါသည်။

သို့သော်….ပြဿနာက စ ပါပြီ…။ ကျွန်တော့်အားနေရာချထားပေးသော အခန်းမှာ ယနေ့နံနက်တွင် COVID-19 Positive လူနာကို ထားခဲ့သောအခန်းဖြစ်ကြောင်း အခြားအခန်းတွင် Quarantine ဝင်နေသည့် သူငယ်ချင်းက ဖုန်းဆက်လာပါသည်။

ထိုကိစ္စကို ဟိုတယ်ရှိ တာဝန်ခံဆရာဝန်ထံမေးရာ… သူက.. အခန်းမှာ ပိုးသတ်ထားပြီးဖြစ်ကြောင်း၊ အခန်းအပိုမရှိကြောင်း၊ အထက်က ယင်း အခန်းသို့သွင်းရန် ညွှန်ကြားသဖြင့် ထားရခြင်းဖြစ်ကြောင်း၊ ကျွန်တော်သုံးစွဲလိုခြင်းမရှိသည့် ဖန်ခွက်၊ ရေခွက် စသည့် ပစ္စည်းများကို အ​ပြင်သို့ထုတ်ပေးမည်ဖြစ်ကြောင်း ဆိုပါသည်။

သို့သော်…အခန်းဝသို့ရောက်လာသည့် ဟိုတယ် ဝန်ထမ်းကလေးမ မှာ ထို လူနာနေခဲ့သောအခန်းသို့လာရာတွင်ပင် Mask နှင့် ပလပ်စတစ် လက်အိတ်ကိုသာ ဝတ်ဆင်ထားပြီး Surgical Gown ဝတ်ဆင်ထားခြင်းပင်မရှိပါ။ အခန်းတွင်းသို့လည်း မဝင်ရဲပါ။

ထိုအခန်းသို့ သန့်ရှင်းရေးလာလုပ်ရာတွင်လည်း မည်သည့် ကျန်းမာရေးဝန်ထမ်းကမျှ လာရောက်ကြီးကြပ်ခြင်းမရှိ‌ကြောင်း သိရပါသည်။ Surgical Gown ဝတ်ဆင်ထားသည့် ဝန်ထန်းများက ကျန်းမာရေးဝန်ထမ်းများမှာထားသည့်အတိုင်း ပိုးသတ်ဆေးကိုသာ ဝင်ရောက်ဖျန်းပက်ခဲ့ကြခြင်းဖြစ်ပါသည်။ ထွက်သွားသော လူနာ၏ ပစ္စည်းများကို မည်သူမျှ သိမ်းဆည်းပေးခြင်းမပြုပါ။

အခန်းတွင်း ၂ နာရီကျော် ကျွန်တော် နေခဲ့မိပါသည်။ အခြေအနေအလုံးစုံသိရပြီးနောက် …. ရေအမြန်ချိုးကာ ပစ္စည်းများကို အမြန်ယူပြီး ဧည့်ကြိုကောင်တာသို့ ဆင်းခဲ့ရပါသည်။ ကိုဗစ်လူနာ၏ ပစ္စည်းများကို ကျွန်တော်က အကာအကွယ်မဲ့ ကိုင်ခဲ့မိယုံမျှမကဘဲ… အခန်းတွင်း၌ ၂ နာရီကျော် နေခဲ့မိခြင်းဖြစ်ပါသည်။ ကျွန်တော် ထိုအခန်းတွင် ဆက်လက်မနေရဲတော့ပါ။ ရေချိုးပြီးသော် ကျွန်တော် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့် ရေချိုးဆပ်ပြာကိုပါ ကျွန်တော်မယူရဲသဖြင့် မယူခဲ့တော့ပါ။

တာဝန်ခံဆရာဝန်မှာလည်း ဖုန်းထပ်ခေါ်၍ မကိုင်သဖြင့် ကျွန်တော့်အား ဟိုတယ် Quarantine ဝင်ရန် ပြောကြားခဲ့သည့် ၎င်းအထက်က ဆရာဝန်ကို ဖုန်းခေါ်ကာ အကျိုးအကြောင်းပြောပြရပါသည်။ ညနေ ၆ နာရီကျော်တွင် ကျွန်တော်အခန်းအသစ်ရပါသည်။ လှေကားထိပ်က အခန်းကျဉ်းလေးပါ။ ဆပ်ပြာ၊ သောက်ရေ၊ ရေနွေးအိုးဘာမျှမရှိသဖြင့် တပည့်ကို အိမ်ခန်းဖွင့်ကာ လာပို့ပေးပါရန် မှာကြားရပါတော့သည်။
ဆားကျက်ရေသောက်ရန် ရေနွေးတည်စရာအိုးမရှိခြင်း၊ ဆေးသောက်ရန်ပင် ရေမရှိခြင်းကတော့ဆိုးဝါးပါသည်။ ထားပါ။

ဒီလိုအဆင်မပြေမှုတွေကို ကျွန်တော်ခံနိုင်ရည်ရှိပါသည်။ ဖြေရှင်းနိုင်ပါသည်။ သို့သော်… (၁) မနက်ကမှ လူနာထွက်သွားသော အခန်းတွင် နေ့လယ်၌ Swab ယူထားပြီးသောသူအား ထားရှိရန် ဆုံးဖြတ်ခြင်း၊ (၂) ပိုးတွေ့လူနာနေထိုင်သောအခန်းကို ကျန်းမာရေးဝန်ထမ်းကြီးကြပ်မှုမပါဘဲ ဟိုတယ်ဝန်ထမ်းများကိုသာ သန့်ရှင်းရေးလုပ်ကိုင်စေခြင်း (သာမန်အခန်းဆိုလျှင် အကြောင်းမဟုတ်ပါ။ ပိုးတွေ့လူနာအခန်းကို နားမလည်သည့် ဟိုတယ်ဝန်ထမ်းများချည်းဝင်ရှင်းပြီး ၎င်းတို့အား ရောဂါကူးစက်သွားလျှင် အကုန် ကိုယ်ကျိုးနည်းသွားပါလိမ့်မည်) (၃) ၎င်းတို့နားလည်သည့်အတိုင်း ပိုးသတ်ဆေးသာဖြန်းထားပြီး၊ ပိုးတွေ့လူနာ၏ ပစ္စည်းများကို စနစ်တကျ သိမ်းမထားခြင်း၊

(၄) နောက်ထပ် Quarantine ဝင်မည့်လူအသစ် အား ပိုးတွေ့လူနာအခန်းတွင် ထားမည့်ကိစ္စကို ခပ်ပေါ့ပေါ့ သဘောထားခြင်း၊ အခန်းကိုပင် ကျန်းမာရေးဝန်ထမ်းများလာမကြည့်ခြင်း၊ အခန်းတွင်း၌ ရှေ့က နေထိုင်သွားသည့်လူနာ၏ ပစ္စည်းများ ရှိနေသည်ကို ကျွန်တော်ပြောမှ ၎င်းတို့သိခြင်း၊ (၅) ၎င်းတို့ပင် မနေရဲသည့် အနေအထားတွင် ကျွန်တော့်အားနေထိုင်ရန် တိုက်တွန်းနေခြင်း၊ (၆) ပိုးသတ်ဆေးဖျန်းထားသည်ဟူသော စကားရပ်ကိုသာ တွင်တွင်ပြောနေခြင်း၊ အခန်းမှာ ပိုးရှိနေနိုင်သည့် အနေအထားရှိနေသည်ကို လျစ်လျူရှုခြင်း၊ (၇) ကျွန်တော် ထိုအခန်းသို့သွားမည့်အချိန်တွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက ထိုအခန်းသည် ယနေ့နံနက်အထိ ကိုဗစ်ပိုးတွေ့ရှိသည့်လူနာကို ထားခဲ့သည့်လူနာဖြစ်ကြောင်း သိလျက်နှင့် မပြောဘဲ ထိန်ချန်ကြခြင်း။ အလွန်ဆိုးပါသည်။ ဒီထက်ပိုပြောရလျှင်လည်း မကောင်းတော့ပါ။

လူနာနေခဲ့သည့်အခန်းမှန်းသိသိလျက်နှင့် ဆရာဝန် ဆရာမ မည်သူကမျှ တစ်ချက်မျှပင် ဝင်မစစ်ဆေးဘဲ ကျွန်တော့်အား ထိုအခန်းတွင်းသို မသိချင်ယောင်ဆောင်ကာ ထိုးထည့်လိုက်ကြပါသည်။ မနက်က ကျွန်တော်ယူခဲ့သော Swab ကလည်း နောက်ထပ်တစ်ကြိမ် အလကားဖြစ်ရပြန်ပါပြီ။

ဆရာဝန်က ကျွန်တော်ဟိုတယ်ဝန်ထမ်းတွေကို သန့်ရှင်းရေးဘယ်လိုလုပ်ရမယ်ဆိုတာ သေချာမှာထားပါတယ် ဟု ဆိုလေသည်။ ထားပါ။ သာမန်အခန်းဆိုလျှင်ထားပါ။ ဘာလို့ လူနာအခန်းကိုပင် ပေါ့ပေါ့တန်တန်ထားကြလေသနည်း။ ဟိုတယ်ဝန်ထမ်းများက ကျန်းမာရေးနှင့်ပတ်သက်လို့ ပရိုတွေ မဟုတ်ကြပါ။

ကျန်းမာရေးဝန်ထမ်းတို့အား သက်သက်မဲ့ အပြစ်ဆိုလိုခြင်း မဟုတ်ပါ….သို့သော်…. ဒီနည်းနဲ့တော့ ကျွန်တော့်ကို မသတ်ပါနဲ့ဟုသာ ကျန်းမာရေးဝန်ထမ်းများအား ကျွန်တော် မေတ္တာရပ်ခံပါသည်။ ‌သြော်……ကျွန်တော့်နှယ် အစိုးရဝန်ထမ်းတစ်ဦးသည်ပင် ဤမျှဖြစ်နေလျှင် သာမန်ပြည်သူပြည်သားတို့အဖို့ ဘယ်သို့ပင် ရှိပါလိမ့်။

(ဓာတ်ပုံများက တမင်ရိုက်ထားတာ မဟုတ်ပါ။ အခန်းတွင်း ရောက်ခါစက အခန်းအခြေအနေကို သူငယ်ချင်းတစ်ဦးနှင့် ဟာသအနေဖြင့် ပြောရင်း ရိုက်ပြလိုက်မိတဲ့ ပုံတွေပါ။ နောက်ဆုံးပုံကတော့ အခန်းသစ်ရောက်ရောက်ချင်း လာမိတ်ဆက်တဲ့ ဘော်ဒါပါဗျာ)

အောင်ဇော်မိုး
၁၂-၉-၂၀၂၀၊ စနေ ည ၉ နာရီ ၃၃ မိနစ်၊ Jade City Hotel ၊ နေပြည်တော်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page